Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts
Sunday, February 17, 2013

ဒီနေ့ ဖတ်ရှုရတဲ့ နေ့စဉ်ခွန်အား ပါ အကြောင်းအရာလေးက ထိမိလွန်းလို့ ပြန်ပြီး ဝေမျှပေးချင်ပါတယ်။
"အမှုတော်ဆောင်ရန် စွမ်းရည်အမျိုးမျိုး ရှိသော်လည်း၊ လူအသီးသီး၌ရှိသော စွမ်းရည်များကို ပေးတော် မူသော အရှင်ကား တစ်ပါးတည်း ရှိ၏။" (ခေတ်သုံး) ၁ကော ၁၂း၆
လူတိုင်းက ကိုယ့်ကိုကိုယ် အထင်ကြီးတဲ့စိတ်လေး ဝင်သွားတတ်ကြပါတယ်။ ကိုယ့်ရဲ့ လုပ်ငန်းခွင်မှာဖြစ်ဖြစ်၊ စာသင်ခန်းထဲမှာဖြစ်ဖြစ်၊ အသင်းတော်မှာဖြစ်ဖြစ် နေရာအတော်များများမှာ တွေ့ရတတ်ပါတယ်။ တချို့က အလုပ်နည်းနည်းပဲ လုပ်ကြပြီး အချို့က များများလုပ်ကြတယ်။ ကိုယ်လုပ်နိုင်တာရော၊ မလုပ်နိုင်တာရောပါ လုပ်နေကြရတဲ့သူတချို့ရှိတယ်။ အဲလို အလုပ်တွေအများကြီးလုပ်နေရတော့ နေရာတကာ ကိုယ်မပါမပြီး ပုံစံဖြစ်လာပြီး ယိုင်လဲဖို့ဖြစ်လာတယ်။ ကိုယ့်ကိုကိုယ်အထင်ကြီးစိတ်ဝင်လာတတ်တာမျိုးပါ။ ဒီစိတ်လေးကို ဆင်ခြင်နိုင်ဖို့ ဒီနေ့ဖတ်ရှုရတဲ့အကြောင်းအရာလေးက စောင်းပေးပြောပြ ထောက်ပြသွားပါတယ်။ ရောမမြို့ရှိ ပထမရာစုနှစ် အသင်းတော် ရင်ဆိုင်ခဲ့ရတာကို ပုံဥပမာပေးသွားပါတယ်။ အခြားသူများ မလုပ်နိုင်တဲ့အရာကို သူတို့လုပ်နိုင်တဲ့အခါ အချို့သူများက မိမိတို့ ထင်သင့်တာထက် ပိုပြီး မိမိတို့ကိုယ်ကို ထင်ကြတယ် (ရောမ ၁၁း၃)။ ဒါပေမဲ့ ရှင်ပေါလုက "အင်္ဂါအများသည် ဆောင်ရွက်စရာအမှု တစ်ခုတည်းမရှိ" လို့ သတိပေးသွားပါတယ်။ ကျွန်ုပ်တို့တွေဟာ ဘုရားသခင်ရဲ့ ကျေးဇူးတော်သက်သက်ကြောင့် အမျိုးမျိုး ဆုကျေးဇူးတွေကို တစ်ဦးနဲ့ တစ်ဦး မတူညီစွာ ရရှိ ပိုင်ဆိုင်ထားကြပါတယ်။ ဒီဆုကျေးဇူးတွေကို ဘုရားသခင် ပေးအပ်ထားတာဟာ ကိုယ့်ကိုကိုယ် အစေခံဖို့မဟုတ်ဘဲ၊ သူတပါးကို အစေခံဖို့ ပေးအပ်ထား တာသာ ဖြစ်ပါတယ်။ အစေခံရာမှာလည်း ပျင်းရိခြင်း၊ ဖင့်နွဲခြင်းမရှိဘဲ တကယ့်ကို စိတ်ရောကိုယ်ပါ အစေခံဖို့ လိုအပ်တယ်လို့ သတိပေးထားပါတယ်။ အကြောင်းကတော့ ကျွန်ုပ်တို့ဟာ လူ-လူချင်းကို အစေခံနေတာမဟုတ်ဘဲ၊ ဘုရားသခင်ကို အစေခံနေလို့ပဲ ဖြစ်ပါတယ်။ ဒီလိုမျိုးစိတ် အမြဲမွေးဖို့လည်း မှာထားပါတယ်။
ဒါကြောင့်မို့ အခြားသူတွေ ဘာကိုလုပ်တယ်၊ ဘာကိုမလုပ်ဘူး စတာတွေကို ချောင်းကြည့်မနေဘဲ၊ ဘုရားသခင်က ဒီနေ့ သူ့ရဲ့ နိုင်ငံတော်မှာ သင့်ကို ဘယ်လို အသုံးပြုနိုင်တယ်ဆိုတာကိုပဲ ဆင်ခြင်ကြည့်ရှုဖို့ ဖြစ်ပါတယ်။ ကိုယ်တော်က သူအလိုရှိတဲ့အတိုင်း ကျွန်ုပ်တို့ကို ဆုကျေးဇူးတွေ ပေးသနားပြီး ဖြစ်လို့ပါ။ အခြားသူတွေနဲ့ မိမိကိုယ်ကို မနှိုင်းယှဉ်ဘဲ ကိုယ်တော်ဖန်ဆင်းတဲ့ မိမိရဲ့ အရှိအတိုင်းကိုသာ ရောင့်ရဲခြင်းရှိဖို့ ဆုတောင်းအားယူလိုက်ဖို့ မေတ္တာနဲ့ ထပ်ဆင့်ဝေငှလိုက်ရပါတယ်။
Sunday, January 13, 2013
၁၉၇၂ ခုနှစ်က စင်ကာပူ ခရီးသွားလာရေး အရာရှိက စင်ကာပူဝန်ကြီးချုပ် လီကွမ်ယုကို အစီရင်ခံစာ တင်သွင်းခဲ့တယ်။
စာထဲမှာ "ကျွန်တော်တို့ စင်ကာပူဟာ အီဂျစ်နိုင်ငံကလို ပိရမစ်မရှိဘူး။ တရုတ်နိုင်ငံလို ဂရိတ်ဝေါ မရှိဘူး။ ဂျပန်နိုင်ငံလို ဖူဂျီတောင် မရှိဘူး။ ဟာဝိုင်ယီလို (၁၀) မီတာအမြင့်ရှိတဲ့ လှိုင်းတွေ မရှိဘူး။ ကျွန်တော်တို့ နိုင်ငံမှာ (၁၂) ရာသီလုံး ပူပြင်းတဲ့ နေရောင်ခြည်က လွဲလို့ ဘာမျှ ထူးဆန်းတာ မရှိဘူး။ ခရီးသွားလာရေးအတွက် ချဲ့ထွင်မယ်ဆိုရင် ခက်ခဲလိမ့်မယ်" လို့ ရေးထားတယ်။
လီကွမ်ယု က စာဖတ်ပြီး ဒေါသူပုန် ထတော့တယ်။ နောက် စာတစ်စောင် ပြန်ပို့လိုက်တယ်။ စာထဲမှာ ဒီလို ရေးထားတယ်။
"ဘုရားသခင် က ပေးထားတာ မလုံလောက်သေးဘူးလား။ နေရောင်ခြည်၊ နေရောင်ခြည်သာရှိရင် တို့ လုံလောက်ပြီ။"
အဲဒီနောက် စင်ကာပူက တစ်နှစ်ပတ်လုံး နေရောင်ခြည်ကို အသုံးပြုပြီး သစ်ပင်ပန်းမန်တွေ စိုက်ခဲ့တယ်။ အချိန်တိုတိုအတွင်းမှာ လှပတဲ့ ပန်းဥယျာဉ်မြို့တော်အဖြစ် နာမည်ကြီးခဲ့ပြီး အာရှတိုက်မှာ တတိယကမ္ဘာလှည့် ခရီးသည် အများဆုံးနိုင်ငံ ဖြစ်လာတယ်။
နိုင်ငံတိုင်း၊ နေရာတိုင်း၊ လူတိုင်းကို ဘုရားသခင်က ပစ္စည်းများများစားစား မပေးခဲ့ပါဘူး။
"နယူတန်" ကို ပန်းသီး တစ်လုံးပဲ ပေးခဲ့တယ်။
ဒါတောင် သေချာပေးတာမဟုတ်ဘဲ၊ ပစ်ချပေးခဲ့တယ်။
"ဒစ်စနီ" ကို ကြွက်တစ်ကောင်ပဲ ပေးခဲ့တယ်။
ဒါတောင် ဒစ်စနီကိုယ်တိုင် စားစရာ ပေါင်မုန့်တစ်ချပ်တောင် မရှိတဲ့အချိန်မှာ ပေးခဲ့တာ ဖြစ်တယ်။
တရုတ်ပြည် ကန်တုံနယ်က ကူဖုဆိုတဲ့ မြို့ကို "ကွန်ဖြူးရှပ်" တစ်ယောက်ပဲ ပေးခဲ့တယ်။
ဘုရားသခင်က နေရာတစ်ခုကို နည်းနည်းစီပေးခဲ့ပေမဲ့ အသုံးပြုတတ်ရင်တော့ အဲဒီနည်းဟာ အများကြီး ဖြစ်လာနိုင်ပါတယ်။ တွေးတောနေတဲ့ နယူတန်ဟာ အဲဒီပန်းသီးကြောင့် ရုက္ခဗေဒပညာရှင်ကြီး ဖြစ်ခဲ့တယ်။ ငတ်နေချိန်မှာ ရောက်လာတဲ့ ကြွက်ကို ဒစ်စနီ သတ်မစားခဲ့ပါဘူး။ အဲဒီကြွက်ကို အသုံးပြုပြီး အဖိုးမဖြတ်နိုင်တဲ့ ကာတွန်းတိုင်းပြည်ကို တည်ထောင်နိုင်ခဲ့တယ်။ ကွန်ဖြူးရှပ် ကို အသုံးပြုပြီး ကူဖုဟာ ခရီးသွားတွေ မစဲတဲ့ ရှေးဟောင်းမြို့တစ်မြို့ ဖြစ်ခဲ့တယ်။
သူ ချမ်းသာလိုက်တာ၊ သူက လှလိုက်တာ။ သူက တော်လိုက်တာ။ ငါ့ကျတော့ ဘာမှမရှိဘူးဆိုပြီး ကိုယ့်ကို ပေးတာနည်းတယ်။ များတယ်။ လို့ ညည်းညူကြဖူးလား။ သူ့ကျတော့ ရာထူးမြင့်မြင့်နဲ့ ထိုင်တဲ့ခုံက ဆိုဖာခုံ၊ ငါ့ကျတော့ ခုံစုတ်တစ်လုံးပဲရတယ်လို့ မညည်းခင် လီကွမ်ယုရဲ့ စကားကို ပြန်စဉ်းစားမိတဲ့အခါ
သြော် ဘုရားသခင် ငါ့ကို ဒီခုံစုတ်ပေးတာ
အကြောင်းရှိရမယ်လို့ တွေးမိခဲ့ရင်......။
နိုင်းနိုင်းစနေ
Credit: www.99sanay.com မှ ကူးယူတင်ပြသည်။
Monday, December 24, 2012
“ယနေ့တွင် ဒါဝိဒ်မြို့၌ သခင်ခရစ်တော်တည်းဟူသော ကယ်တင်သောအရှင်သည် သင်တို့အဘို့ အလို့ငှာ ဘွားမြင်ခြင်းကို ခံတော်မူပြီ။” (လုကာ - ၂း၁၁)
ငြိမ်သက်ခြင်းအရှင် ဖွားမြင်တော်မူခြင်း
“ခရစ္စမတ်”သည် ဘုရားစင်စစ် လူ့ဇာတိကို ခံယူကာ လောကသို့ မွေးဖွားလာသောနေ့ကို ဆိုလိုသည်။ ဤသည်မှာ လူသားများအပေါ် ဘုရားသခင် ထားရှိသော တစ်ဖက်သတ်မေတ္တာ ကို ဖော်ပြလိုက်ခြင်း ပင် ဖြစ်သည်။
“ဘုရားသခင်၏ သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက် ကို ရစေခြင်းငှာ ဘုရားသခင်သည် မိမိ၌ တစ်ပါးတည်းသောသားတော်ကို စွန့်တော်မူသည် တိုင်အောင် လောကီသားတို့ကို ချစ်တော်မူ၏။” (ယော၊ ၃း၁၆)
ပြောင်းလဲစေနိုင်သော ငြိမ်သက်ခြင်းအရှင်
ခရစ္စမတ်အချိန်အခါသမယသည် ကမ္ဘာလူသားများ ရန်လိုမုန်းတီးခြင်းများမှ ချစ်ခြင်းသို့၊ စိတ်ပျက်ဝမ်းနည်းခြင်းမှ ပျော်ရွှင်ဝမ်းမြောက်ခြင်းသို့၊ ဆူပူလှုပ်ရှားခြင်းမှ ငြိမ်သက်ခြင်းသို့၊ မျှော်လင့်ခြင်း ကင်းမဲ့ရာမှ စိတ်ချသေချာခြင်းသို့၊ ပြောင်းလဲစေရန် သူငယ်တော်ယေရှုမွေးဖွားလာခြင်းပင် ဖြစ်သည်။ ထိုသူငယ်တော်သည် ငြိမ်သက်ခြင်းအရှင်ဖြစ်သည်။
“ငါတို့အဖို့ သူငယ်ကို ဖွားမြင်၏။ ငါတို့အား သားကို သနားတော်မူ၏။ ထိုသူသည် အုပ်စိုးခြင်းအာဏာစက် ရှိလိမ့်မည်။ နာမတော်မူကား အံ့သြဘွယ်၊ တိုင်ပင်ဘက်၊ တန်ခိုးကြီးသော ဘုရားသခင်၊ ထာဝရအဘ၊ ငြိမ်သက်ခြင်းအရှင်ဟု ခေါ်ဝေါ်သမုတ်ခြင်းကို ခံတော်မူလိမ့်မည်။” (ဟေရှာယ၊ ၉း၆)
တလောကလုံးအတွက် ငြိမ်သက်ခြင်း
ကမ္ဘာလောကသည် ရှုပ်ထွေးသောလောကဖြစ်သည်။ ပဋိပက္ခလောကဖြစ်သည်။ လူ့စိတ်မငြိမ်မသက်ခြင်း၊ လူလူချင်း ခိုက်ရန်ဖြစ်ပွားခြင်း၊ ဖန်ဆင်းသောအရာများကို အလွဲသုံးစားပြုခြင်းသည် လောက၏ ပုံရိပ်ဖြစ်သည်။ သို့သော် သမိုင်းပြောင်းလဲခဲ့ပါပြီ။
“တောခွေးသည် သိုးသူငယ်နှင့် အတူနေလိမ့်မည်။ ကျားသစ်သည် ဆိတ်သူငယ်နှင့်အတူ အိပ်လိမ့်မည်။ နွားသူငယ်၊ ခြင်္သေ့သူငယ်၊ ဆူအောင်ကျွေးသောအကောင်တို့သည် အတူသွားလာကြ၍ လူသူငယ်သည် သူတို့ကို ပို့ဆောင်လိမ့်မည်။ နွားမနှင့် ဝက်ဝံမသည် အတူကျက်စား၍ သူတို့သားငယ်များသည် အတူအိပ်ကြလိမ့်မည်။ ခြင်္သေ့သည်လည်း နွားကဲ့သို့ မြက်ကိုစားလိမ့်မည်။ နို့စို့သူငယ်သည်လည်း မြွေဆိုးတွင်းပေါ်မှာ ကစားလိမ့်မည်။ နို့ကွာသောသူငယ်သည်လည်း မြွေဟောက်တွင်းဝ၌ မိမိလက်ကို သွင်းလိမ့်မည်။ ငါ၏ သန့်ရှင်းသော တောင်တစ်ပြင်လုံး၌ အချင်းချင်း ညှင်းဆဲခြင်း၊ ဖျက်ဆီးခြင်းကို မပြုရကြ။” (ဟေ၊ ၁၁း၆-၉)
ငြိမ်သက်ခြင်းအတွက် မင်္ဂလာနှစ်ဖြာ
ခရစ်တော်ယေရှုလောကသို့ ဆင်းသက်ကြွလာခြင်းသည် စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး အစရှိသည့် ကဏ္ဍနယ်ပယ်အသီးသီးမှ လူသားများ လွတ်မြောက်မှု ရစေရန်ဖြစ်သည်။
“ထာဝရဘုရား၏ ဝိညာဉ်တော်သည် ငါ့အပေါ်၌ တည်တော်မူ၏။ အကြောင်းမူကား၊ ဆင်းရဲသားတို့အား ဝမ်းမြောက်စရာသတင်းကို ကြားပြောစေခြင်းငှာ ငါ့ကို ဘိသိက်ပေးတော်မူပြီ။ ကြေမွသောသူတို့၏ အနာကို ပျောက်စေခြင်းငှာလည်းကောင်း၊ ဖမ်းသွားချုပ်ထားလျက်ရှိသောသူတို့အား လွှတ်ခြင်းအကြောင်းနှင့် မျက်စိကန်းသောသူတို့အား မျက်စိမြင်ပြန်ခြင်းအကြောင်းကို ပြစေခြင်းငှာ လည်းကောင်း၊ ညှင်းဆဲခံရသောသူတို့ကို ကယ်မစေခြင်းငှာ လည်းကောင်း၊ ထာဝရဘုရား၏ မင်္ဂလာနှစ်ကာလကို ကြားပြောစေခြင်းငှာလည်းကောင်း၊ ငါ့ကိုစေလွှတ်တော်မူပြီ။” (လု၊ ၄း၁၈-၁၉)
အရှင်ယေရှုခရစ်တော် လူ့ဇာတိခံယူ၍ ဖွားမြင်တော်မူခြင်းသည် ကောင်းကင်နိုင်ငံတော်၏ ငြိမ်သက်ခြင်း၊ လွတ်မြောက်ခြင်းနှင့် ဝမ်းမြောက်ရွှင်လန်းခြင်းဆိုင်ရာ အကြောင်းတရားများကို ကမ္ဘာမြေလူသားများ အပါအဝင် တောတောင်ရေမြေနှင့် သက်ရှိသတ္တဝါများအား ခံစားရရှိစေရန်ဖြစ်သည်။
ကောင်းကင်သစ်နှင့် မြေကြီးသစ်
ဖောက်ပြန်ပျက်စီးနေသော လူတို့၏ စိတ်သဘောထားများ၊ လောဘကြောင့် ပျက်စီးယိုယွင်းလာနေပြီဖြစ်သော ကမ္ဘာ့ပတ်ဝန်းကျင်နှင့် ရာသီဥတုများ၊ ဒေါသအလျောက် ကျူးလွန်နေသော စစ်ပွဲများ၊ ဆန်းသစ်လာသော တွေးခေါ်မှုများကြောင့် အန္တရာယ်ရှိလာပြီဖြစ်သော လူနေမှုပုံစံများ အစရှိသော အရာအားလုံးသည် ပုံသဏ္ဍာန် ပြောင်းလဲ၍ အသစ်တဖန် ပြန်လည် ဖြစ်ပေါ်လာစေရန် ဘုရားသခင် အလိုတော်ရှိပါသည်။
“ကောင်းကင်သစ်နှင့် မြေကြီးသစ်ကိုလည်း ငါမြင်၏။ အဘယ်သို့နည်း ဟူမူကား၊ ရှေးကောင်းကင်နှင့် မြေကြီးသည် ရွေ့သွားကြပြီ။” (ဗျာ၊ ၂၁း၁)
ခရစ်တော်ယေရှုဘုရားဖွားမြင်တော်မူသောဤအချိန်အခါသည် ဘုရားသခင်၏ အံ့သြဖွယ်ရာချစ်ခြင်းမေတ္တာတရားကို လူသားအားလုံးအတွက် ဖော်ပြလိုက်ခြင်းပင်ဖြစ်သည်။
ထိုမေတ္တာတရားကို သိမြင်ခံယူလျက် လောကလူသားအချင်းချင်း၊ တောတောင်ရေမြေနှင့် သက်ရှိသတ္တဝါများအားလုံး သဟဇာတဖြစ်လျက် ငြိမ်သက်ငြိမ်းချမ်းစွာ အသက်ရှင်နေထိုင်နိုင်ရန် အရှင်ယေရှုခရစ်ကို စိတ်နှလုံးထဲတွင် လက်ခံယုံကြည်လိုက်ဖို့ပင် ဖြစ်သည်။
ဤသို့ဖြင့် မိမိအသက်တာတွင်သာမက ကမ္ဘာလောကကြီးတစ်ခုလုံး ငြိမ်းချမ်းသာယာလျက် အသစ်ပြုပြင်ခြင်းအားဖြင့် ပုံသဏ္ဍာန်ပြောင်းလဲခြင်းသို့ ရောက်ရှိလာလိမ့်မည်ဖြစ်ပေသည်။
Monday, December 17, 2012

ကျေးဇူးတော်ဆိုသည်မှာ…
ချစ်စွာသော စာဖတ်ပရိတ်သတ်များ
ကျေးဇူးတော်ဆိုသည်မှာ မထိုက်တန်ဘဲ ရရှိသည့် ဘုရားသခင်၏ မျက်နှာသာပေးမှုဖြစ်သည်။ ဘုရားသခင်၏ မျက်နှာသာကို ငွေဖြင့်မဝယ်နိုင်၊ မိမိ၏ ကြိုးစားလုပ်ဆောင်မှုဖြင့် မရရှိနိုင်ပါ။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ ကျေးဇူးတော်ကိုနှင့် ထိုက်တန်ခြင်းမရှိပါ။ ကျွန်ုပ်တို့အတွက် ကျွန်ုပ်တို့ ကိုယ်တိုင် မလုပ်ဆောင်နိုင်သည့်အရာကို ဘုရားသခင်က တစ်ဖက်သတ် လုပ်ဆောင်ပေးခြင်း ဖြစ်သည်။
“နှုတ်ကပတ်တော်သည်လည်း လူ့ဇာတိအဖြစ်ကို ခံယူ၍ ကျေးဇူးတော်နှင့်လည်းကောင်း၊ သစ္စာတော်နှင့် လည်းကောင်း ပြည့်စုံလျက် ငါတို့တွင် တည်နေတော်မူသည်ဖြစ်၍…” (ယော ၁:၁၄)
Subscribe to:
Posts (Atom)