Wednesday, March 13, 2013

သမ္မာကျမ်းစာမှ လက်ရွေးစင် ပုံဝတ္ထု (၅)



ဗာဗုလုန်ရဲတိုက်ကြီး
(ဘာသာစကားကွဲပြားခြားနားရာ အစအဦး)

ဘုရားသခင်ဆုံးမတော်မူသော ရေလွှမ်းမိုးမှုကြီးပြီး ဆုံးသွား သည့်နောက်ပိုင်း နှစ်အနည်းငယ်ကြာသော အခါ ထိုအဖြစ်အပျက်သည် နောဧ၏ သားသမီးတို့ စိတ်ထဲတွင် မေ့မေ့ပျောက်ပျောက် ဖြစ်လာခဲ့တယ်။ သူတို့ရဲ့ မိသားစုများဟာလည်း ကမ္ဘာမြေပေါ်တွင် အလွန်ပဲ ပွားများလာခဲ့တယ်။ ဒါပေမယ့် သူတို့တွေရဲ့ စိတ်နှလုံး အကြံအစည်များဟာ တဖန် ဆိုးညစ်လာခဲ့ကြပြန်တယ်။

လူများတို့သည် ခရီးသွားလာရင်း အရှေ့အရပ်ရှိ မြေညီရာအရပ်ကို တွေ့ရှိခဲ့ကြတယ်။ ထိုအချိန်က လူများတို့ဟာ ဘာသာစကားတစ်မျိုးတည်းကိုသာ ပြောဆို သုံးစွဲကြတဲ့ကာလဖြစ်တယ်။ သူတို့ဟာ အချင်းချင်း တိုင်ပင်ကြတယ်။ “လာကြ၊ မြေကြီးတပြင်လုံး၌ အရပ်ရပ်ကွဲပြားမည်ကို စိုးရိမ်၍ မြို့ကိုလည်းကောင်း၊ မိုဃ်းကောင်းကင်သို့ မှီရသော ရဲတိုက်ကိုလည်းကောင်း တည်လုပ်သဖြင့် ကျော်စောကိတ္တိရှိစေခြင်းငှာ ပြုကြကုန်အံ့” ဟု ပြောဆိုကြတယ်။

ဒီလိုနဲ့ သူတို့ဟာ ရဲတိုက်ကြီးနှင့်တကွ မျှော်စင်ကို စတင်ဆောက်လုပ်ကြတယ်။ သူတို့ပြုသောအရာကို ကြည့်ရှုဖို့အတွက် ဘုရားသခင်သည် ကောင်းကင်ဘုံမှ ဆင်းသက်တော်မူတယ်။ သို့သော် သူတို့ ပြုသောအမှုသည် ထာဝရအရှင် ဘုရားသခင်၏ စိတ်တော်ကို ကြီးမားစွာ အနှောင့်အယှက်ဖြစ်စေခဲ့တယ်။

ထို့ကြောင့် ဘုရားသခင်က သူတို့ရဲ့ လျှာကို သူတို့တစ်ခါမျှ မပြောဘူးသော ဘာသာစကားများကို ပြောစေခြင်းဖြင့် ဘာသာစကားပေါင်းစုံ ကွဲပြားစေခဲ့တယ်။

ရဲတိုက်ကြီးနှင့်တကွ မျှော်စင်ကို ဆောက်လုပ်သူတို့ဟာ ဆက်လက်တည်ဆောက်ဖို့ မတတ်နိုင်ကြတော့ဘူး။ အကြောင်းကတော့ သူတို့ဟာ တစ်ယောက်စကား တစ်ယောက် နားမလည်ကြတော့တဲ့အတွက် ဖြစ်တယ်။ ဒီလိုနဲ့ ရဲတိုက်ကြီး ဆောက်လုပ်ခြင်းကို ရပ်ဆိုင်းရပြီး သူတို့တွေဟာလည်း ဘာသာစကားတူရာ အစုစုဖွဲ့ပြီး အရပ်ရပ်ကို ပြောင်းရွှေ့နေထိုင်ကြတော့တယ်။ အဲ့ဒီလက်စမသတ်ရတဲ့ ရဲတိုက်ကြီးရဲ့ နာမည်ကတော့ ဗာဗုလုန်ဖြစ်ပြီး သူ့ရဲ့ အဓိပ္ပါယ်ကတော့ ရှုပ်ထွေးခြင်းဖြစ်တယ်။

အချိန်ကာလ တဖြည်းဖြည်းကြာလာတဲ့အခါမှာတော့ လူတွေဟာ သစ်ပင်၊ ကျောက်တုံးတို့ကို နတ်ဘုရားများဟု ယူဆကာ ကိုးကွယ်ပူဇော်လာကြတယ်။ သူတို့က ဒီနတ်ဘုရားတွေဟာ သူတို့ ဆုတောင်းသံတွေကို နားထောင်ပြီး သူတို့ကို ကူညီမစလိမ့်မယ်လို့ ထင်ထားကြတယ်။ ဒီလူတွေဟာ စစ်မှန်သောဘုရားကို မသိကြဘူး။ ဆိုးညစ်သောအမှုများစွာကိုလည်း ကျူးလွန်လေ့ရှိတယ်။

သို့သော် သူတို့နဲ့ခြားနားတဲ့ ဥရမြို့သားတစ်ယောက်ကိုတော့ ဘုရားသခင် တွေ့ထားတယ်။ သူ့ရဲ့နာမည်က အာဗြံဖြစ်ပြီး၊ ဘုရားသခင်ကိုသာ ကိုးကွယ်ဝတ်ပြုလေ့ရှိသူဖြစ်တယ်။ သူ့ရဲ့ ပတ်ဝန်းကျင်မှာ ဆိုးညစ်သူတွေ ပြည့်နှက်နေပေမယ့်လည်း ဘုရားသခင်ရဲ့ စကားကိုသာ အမြဲတမ်း နားထောင်လေ့ရှိသူဖြစ်တယ်။ “ထာဝရဘုရားသည်လည်း အာဗြံကိုခေါ်တော်မူ၍၊ သင်၏ပြည်နှင့်တကွ အမျိုးသားချင်းပေါက်ဖော်များထဲက ထွက်ပြီးလျှင်၊ ငါပြလတ္တံ့သောပြည်သို့သွားလော့။ ငါ ကောင်းကြီးပေး၍ သင်၏နာမကို ကြီးမြတ်စေမည်။ သင့်အားဖြင့်လည်း လူမျိုးအပေါင်းတို့ ကောင်းကြီးမင်္ဂလာကို ခံကြရလိမ့်မည်။” ဟု မိန့်တော်မူတယ်။ အာဗြံသည် ဘာမျှရေရေရာရာသဘောပေါက်နားလည်ခြင်း မရှိသော်လည်း ဘုရားသခင်၏ စကားကို နားထောင်ခဲ့တယ်။
ကမ္ဘာဦးကျမ်း ၁၀၊ ၁၁း၁-၉

“လက်ရုံးတော်အားဖြင့် တန်ခိုးကို ပြတော်မူပြီ။ မာနထောင်လွှားသောသူတို့ကို ကွဲလွင့်စေတော်မူပြီ။” - လုကာ ၁း၅၁

0 comments:

Post a Comment