Sunday, February 17, 2013

အစွမ်းကိုယ်စီ ဘုရားရှင်ပြင်ဆင်သည်




ဒီနေ့ ဖတ်ရှုရတဲ့ နေ့စဉ်ခွန်အား ပါ အကြောင်းအရာလေးက ထိမိလွန်းလို့ ပြန်ပြီး ဝေမျှပေးချင်ပါတယ်။

"အမှုတော်ဆောင်ရန် စွမ်းရည်အမျိုးမျိုး ရှိသော်လည်း၊ လူအသီးသီး၌ရှိသော စွမ်းရည်များကို ပေးတော် မူသော အရှင်ကား တစ်ပါးတည်း ရှိ၏။" (ခေတ်သုံး) ၁ကော ၁၂း၆

လူတိုင်းက ကိုယ့်ကိုကိုယ် အထင်ကြီးတဲ့စိတ်လေး ဝင်သွားတတ်ကြပါတယ်။ ကိုယ့်ရဲ့ လုပ်ငန်းခွင်မှာဖြစ်ဖြစ်၊ စာသင်ခန်းထဲမှာဖြစ်ဖြစ်၊ အသင်းတော်မှာဖြစ်ဖြစ် နေရာအတော်များများမှာ တွေ့ရတတ်ပါတယ်။ တချို့က အလုပ်နည်းနည်းပဲ လုပ်ကြပြီး အချို့က များများလုပ်ကြတယ်။ ကိုယ်လုပ်နိုင်တာရော၊ မလုပ်နိုင်တာရောပါ လုပ်နေကြရတဲ့သူတချို့ရှိတယ်။ အဲလို အလုပ်တွေအများကြီးလုပ်နေရတော့ နေရာတကာ ကိုယ်မပါမပြီး ပုံစံဖြစ်လာပြီး ယိုင်လဲဖို့ဖြစ်လာတယ်။ ကိုယ့်ကိုကိုယ်အထင်ကြီးစိတ်ဝင်လာတတ်တာမျိုးပါ။ ဒီစိတ်လေးကို ဆင်ခြင်နိုင်ဖို့ ဒီနေ့ဖတ်ရှုရတဲ့အကြောင်းအရာလေးက စောင်းပေးပြောပြ ထောက်ပြသွားပါတယ်။ ရောမမြို့ရှိ ပထမရာစုနှစ် အသင်းတော် ရင်ဆိုင်ခဲ့ရတာကို ပုံဥပမာပေးသွားပါတယ်။ အခြားသူများ မလုပ်နိုင်တဲ့အရာကို သူတို့လုပ်နိုင်တဲ့အခါ အချို့သူများက မိမိတို့ ထင်သင့်တာထက်  ပိုပြီး မိမိတို့ကိုယ်ကို ထင်ကြတယ် (ရောမ ၁၁း၃)။ ဒါပေမဲ့ ရှင်ပေါလုက "အင်္ဂါအများသည် ဆောင်ရွက်စရာအမှု တစ်ခုတည်းမရှိ" လို့ သတိပေးသွားပါတယ်။ ကျွန်ုပ်တို့တွေဟာ ဘုရားသခင်ရဲ့ ကျေးဇူးတော်သက်သက်ကြောင့် အမျိုးမျိုး ဆုကျေးဇူးတွေကို တစ်ဦးနဲ့ တစ်ဦး မတူညီစွာ ရရှိ ပိုင်ဆိုင်ထားကြပါတယ်။ ဒီဆုကျေးဇူးတွေကို ဘုရားသခင် ပေးအပ်ထားတာဟာ ကိုယ့်ကိုကိုယ် အစေခံဖို့မဟုတ်ဘဲ၊ သူတပါးကို အစေခံဖို့ ပေးအပ်ထား တာသာ ဖြစ်ပါတယ်။ အစေခံရာမှာလည်း ပျင်းရိခြင်း၊ ဖင့်နွဲခြင်းမရှိဘဲ တကယ့်ကို စိတ်ရောကိုယ်ပါ အစေခံဖို့ လိုအပ်တယ်လို့ သတိပေးထားပါတယ်။ အကြောင်းကတော့ ကျွန်ုပ်တို့ဟာ လူ-လူချင်းကို အစေခံနေတာမဟုတ်ဘဲ၊ ဘုရားသခင်ကို အစေခံနေလို့ပဲ ဖြစ်ပါတယ်။ ဒီလိုမျိုးစိတ် အမြဲမွေးဖို့လည်း မှာထားပါတယ်။

ဒါကြောင့်မို့ အခြားသူတွေ ဘာကိုလုပ်တယ်၊ ဘာကိုမလုပ်ဘူး စတာတွေကို ချောင်းကြည့်မနေဘဲ၊ ဘုရားသခင်က ဒီနေ့ သူ့ရဲ့ နိုင်ငံတော်မှာ သင့်ကို ဘယ်လို အသုံးပြုနိုင်တယ်ဆိုတာကိုပဲ ဆင်ခြင်ကြည့်ရှုဖို့ ဖြစ်ပါတယ်။ ကိုယ်တော်က သူအလိုရှိတဲ့အတိုင်း ကျွန်ုပ်တို့ကို ဆုကျေးဇူးတွေ ပေးသနားပြီး ဖြစ်လို့ပါ။ အခြားသူတွေနဲ့ မိမိကိုယ်ကို မနှိုင်းယှဉ်ဘဲ ကိုယ်တော်ဖန်ဆင်းတဲ့ မိမိရဲ့ အရှိအတိုင်းကိုသာ ရောင့်ရဲခြင်းရှိဖို့ ဆုတောင်းအားယူလိုက်ဖို့ မေတ္တာနဲ့ ထပ်ဆင့်ဝေငှလိုက်ရပါတယ်။

0 comments:

Post a Comment