Monday, March 11, 2013

သမ္မာကျမ်းစာမှ လက်ရွေးစင် ပုံဝတ္ထု (၃)



ပထမဦးဆုံးသောအပြစ်
(ဧဒင်ဥယျာဉ်မှ နှင်ထုတ်ခံရခြင်း)

အာဒံနှင့်ဧဝတို့နှစ်ဦးဟာ သာယာလှပသော ဥယျာဉ်ကြီးထဲမှာ ဘယ်လောက်ကြာကြာနေထိုင်ခွင့် ရခဲ့သလဲဆိုတာကိုတော့ ကျွန်ုပ်တို့ မသိနိုင်ပါဘူး။ လူတွေက သူတို့ သူငယ်ချင်းတွေနဲ့ ရင်းရင်းနှီးနှီး စကားပြောဆက်ဆံသလိုမျိုး၊ အာဒံနှင့်ဧဝ တို့ဟာ ဘုရားသခင်ကို ပြောဆိုဆက်ဆံခွင့် ရခဲ့တယ်။ ဘုရားသခင် ပြောဆို မိန့်မှာတော်မူတဲ့အတိုင်း လိုက်လျှောက်နားထောင်လေ့ရှိပြီး အပြစ်ပြုခြင်းနှင့် ပတ်သက်၍ တစ်စုံတစ်ခုကိုမျှ သူတို့နားလည် သိရှိခြင်း မရှိသေးပေ။

တကယ်တော့ အာဒံနှင့်ဧဝ တို့နှစ်ဦးစလုံးသည် ဘုရားသခင်၏စကားကို အစဉ်အမြဲ နားထောင် တတ်ရန် သင်ယူဘို့ လိုအပ်ပါတယ်။ “ထာဝရဘုရားသခင်ကလည်း ကောင်းမကောင်းကို သိကျွမ်းရာအပင်မှတစ်ပါး ထိုဥယျာဉ်၌ ရှိသမျှ အပင်တို့၏အသီးကို သင်စားရသောအခွင့်ရှိ၏။ ထိုအပင်၏အသီးကိုကား မစားရ။ စားသောနေ့တွင် ဧကန်အမှန်သေရမည်။” ဟု သူတို့နှစ်ဦးကို မိန့်တော်မူခဲ့တယ်။

ထာဝရဘုရားသခင် ဖန်ဆင်းခဲ့တဲ့ တိရစ္ဆာန်များတွင် မြွေလည်း ပါဝင်ခဲ့တယ်။ ကျွန်ုပ်တို့အား အပြစ်လုပ်ရန် အစဉ်အမြဲသွေးဆောင်လေ့ရှိသူ စာတန်သည် မြွေယောင်ဆောင်၍ ဧဝအား အပြစ်လုပ်ရန် သွေးဆောင်တော့တာပဲ။ မြွေက ဧဝကို “သင်တို့သည် ဧကန်အမှန်သေရမည်မဟုတ်။ အကြောင်းမူကား၊ ထိုအသီးကို စားသောနေ့၌ သင်တို့သည် မျက်စိပွင့်လင်းလျက်၊ ကောင်းမကောင်းကို သိ၍ ဘုရားသခင်ကဲ့သို့ ဖြစ်ကြလတ္တံသည်ကို ဘုရားသခင် သိတော်မူစည်” ဟု မိန်းမအား ဆိုခဲ့တယ်။

ဧဝဟာ မြွေရဲ့စကားကို နားထောင်လိုက်တယ်။ ထိုအသီးကို ကြည့်ပြီး တော်တော် အရသာ ရှိမယ့်ပုံစံပဲလို့ တွေးရင်း ဒီအသီးကိုစားရရင် ဉာဏ်ပညာတိုးပွားလာမယ်လို့ တထစ်ချ ယုံကြည်လိုက်တယ်။ ဘုရားသခင်ရဲ့ စကားကို ဂရုမစိုက်ဘဲ အသီးကို ခူးစားလိုက်တယ်။ အာဒံကိုလည်း တချို့တဝက်ကို ပေးပြီး စားစေတယ်။ အဲဒီညနေမှာ ဘုရားသခင် ကြွလာတော်မူသော အသံကို ကြားရပေမယ့်လည်း အရင်လို မတွေ့ရဲဘဲ ကြောက်ကြောက်နဲ့ ပုန်းရှောင်ဖို့ ကြိုးစားခဲ့ကြတယ်။

သူတို့ရဲ့ မနာခံမှုကြောင့် ဘုရားသခင်က ဧဝ ကို “သင်၌ ကိုယ်ဝန်ဆောင်ရခြင်းဝေဒနာကို ငါ အလွန်များပြားစေမည်။ ပင်ပန်းစွာဝေဒနာခံ၍ သားဖွားရမည်။ ကိုယ့်ခင်ပွန်း၏ အိုသို့လိုက်၍ သူ၏ အုပ်စိုးခြင်းကိုလည်း ခံရမည်ဟု မိန့်တော်မူ၏။” အာဒံကိုလည်း ဘုရားသခင်က “ထိုအပင်၏ အသီးကို မစားရဟု ငါ ပညတ်သော်လည်း၊ သင်သည် မယား၏ စကားကို နားထောင်၍ စားမိသောကြောင့် မြေသည် သင်၏ အတွက် ကျိန်ခြင်းကို ခံလျက်ရှိ၏။ ဆူးပင်အမျိုးမျိုးတို့ကိုလည်း သင့်အဖို့ မြေပေါက်စေမည်။” ဟု မိန့်တော်မူတယ်။ ထို့အတူ မြွေသည်လည်း ထာဝရအရှင်ဘုရားသခင်၏ ကျိန်တော်မူခြင်းကို ခံခဲ့ရတယ်။

အာဒံနှင့်ဧဝ တို့ဟာ သူတို့ပျော်ရွှင်စွာ နေထိုင်ခဲ့ကြတဲ့ ဥယျာဉ်ကြီးထဲမှာ ဆက်ပြီးနေထိုင်ခွင့်မရှိတော့ပါဘူး။ ဘုရားသခင်က သူတို့ကို နှင်ထုတ်လိုက်ပြီး မီးစက်လက်နက်ကိုင်ထားတဲ့ကောင်းကင်တမန်တွေကို ဥယျာဉ် ဝင်ပေါက်မှာ အစောင့်ချထားလိုက်ပါတော့တယ်
ကမ္ဘာဦးကျမ်း ၃

“အကြောင်းမူကား တစ်ယောက်သောသူသည် နားမထောင်သောအားဖြင့် လူများတို့သည် အပြစ်ရောက်သည့်နည်းတူ၊ တစ်ယောက်သောသူသည် နားထောင်သောအားဖြင့် လူများတို့သည် ဖြောင့်မတ်ရာသို့ ရောက်ရကြ၏။” - ရောမသြဝါဒစာ ၅း၁၉

0 comments:

Post a Comment