Thursday, March 21, 2013

သမ္မာကျမ်းစာမှ လက်ရွေးစင် ပုံဝတ္ထု (၁၃)



ယောသပ်၏အစ်ကိုများ အီဂျစ်ပြည်သို့ ရောက်ရှိလာခြင်း
(သူ၏ အိပ်မက်များ အမှန်တကယ်ဖြစ်လာပြီ။)

အီဂျစ်ပြည်မှာ ဒုတိယမင်းအဖြစ်ကို ရရှိပြီးနောက် ယောသပ်ဟာ သူလုပ်ဆောင်စရာရှိတဲ့ အလုပ်တွေကို မြန်မြန်ဆန်ဆန်နဲ့ သစ္စာရှိစွာ လုပ်ဆောင်ပါတယ်။ ဒီအချိန်မှာ အစာရေစာကြွယ်ဝပေါများတဲ့ ခုနစ်နှစ်ဟာ လျင်မြန်စွာနဲ့ ကုန်လွန်သွားခဲ့ပြီး၊ ငတ်မွတ်ခေါင်းပါးရာ နှစ်များစတင်ရောက်ရှိလာခဲ့ပါတယ်။ ယောသပ်ရဲ့ မိသားစုနေထိုင်ရာ ခါနာန်ပြည်မှာတောင် အစာရေစာ ရှားပါးလာပြီဖြစ်တယ်။ ထိုအခါ ဖခင် ယာကုပ်သည် အီဂျစ်ပြည်၌ စပါးရှိကြောင်း ကြားရ၍ ယောသပ်၏ အစ်ကို ဆယ်ယောက်တို့အား စပါးဝယ်ရန် စေလွှတ်ခဲ့တယ်။

အစ်ကိုတို့ဟာ အီဂျစ်ပြည်ကို ရောက်ရှိပြီး စပါးဝယ်ရန် ယောသပ်ထံသို့ ရောက်ရှိလာကြ၍ ယောသပ်ကို မမှတ်မိကြသော်လည်း ယောသပ်က သူတို့ကို မှတ်မိခဲ့တယ်။ အစ်ကိုတွေဟာ သူ့ရှေ့မှာ ဒူးညွှတ်ပြီး ခေါင်းကို မြေကြီးနှင့်ထိကာ ပျတ်ဝပ်အရိုအသေပေးနေကြတယ်။ ဒီအချိန်မှာ ယောသပ်ဟာ သူ့အိပ်မက်ကို ပြန်သတိရနေမယ်ဆိုတာ သံသယရှိစရာမလိုပါဘူး။ ယောသပ်ဟာ သူ့အစ်ကိုတွေရဲ့ စိတ်ထဲမှာ အရင်လို ဆိုးညစ်တဲ့ အကျင့်ဆိုးတွေ ရှိနေသေးလားဆိုတာ စမ်းသပ်ဖို့အတွက် သူတို့ကို ခပ်တန်းတန်း ဆက်ဆံဖို့ ဆုံးဖြတ်လိုက်တယ်။ သူလျှိုလာလုပ်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ သူတို့ကို ထောင်ထဲမှာ သုံးရက် ဆွဲထည့်ထားလိုက်တယ်။ သည့်နောက်မှာတော့ ရှိမောင် ကို ချန်ထားပြီး ကျန်တဲ့ အစ်ကိုတွေအားလုံးကို လွှတ်လိုက်တယ်။ နောက်တစ်ခေါက်မှာ သူတို့ ညီအငယ်ဆုံး ဗင်္ယာမိန်မပါရင် ထပ်မလာခဲ့နဲ့လို့လည်း ယောသပ်က သူတို့ကို သတိပေးလိုက်တယ်။

မကြာခင်မှာပဲ ဂျုံစပါးတွေ ကုန်သွားပြန်တယ်။ ဒီတစ်ခါတော့ ယောသပ်ရဲ့ အစ်ကိုတွေမာ ရွေးချယ်စရာ မရှိတော့ဘူး။ ဗင်္ယာမိန်ကို ခေါ်ပြီး အီဂျစ်ပြည်ကို ထပ်မံ ခရီးပြုကြပြန်တယ်။ ဒီတစ်ခါတော့ ညီအစ်ကိုတွေ အားလုံး ယောသပ်ရှေ့မာ ဦးညွှတ်ပြပ်ဝပ်ကြရတယ်။

ယောသပ်က သူတို့ကို ညစာနဲ့ တည်ခင်းဧည့်ခံတယ်။ သူတို့အတွက် စားပွဲမှာ ကြီးစဉ်ငယ်လိုက် နေရာချထားပေးတယ်။ သူတို့ဟာ အလွန်ပဲ အံ့သြကုန်ကြတယ်။ တိုင်းတပါးသားဘုရင်ဟာ ဘယ်လိုလုပ်ပြီး သူတို့ အသက်ကြီးစဉ်ငယ်လိုက်ကို သိသလဲဆိုတာ စဉ်းစားလို့ မရကြဘူး။ ဒီအချိန်မှာ ယောသပ်ဟာ ရင်ထဲမှာ အလွန်ဝမ်းနည်းလာတဲ့အတွက် မျက်ရည်ကို မထိန်းနိုင်တော့ဘဲ သူ့ရဲ့အခန်းထဲကို ပြန်ပြီး တိတ်တဆိတ် မျက်ရည်တွေ ကျရှာတယ်။

ယောသပ်ဟာ သူ့အစ်ကိုတွေ ရိုးသားမှု ရှိမရှိ ဒီတစ်ကြိမ် ထပ်မံစစ်ဆေးပြီးတဲ့အခါမှာတော့ သူတို့မှာ ဆိုးညစ်တဲ့ အကျင့်ဆိုးများ မရှိတော့ဘူးဆိုတာ သိလိုက်ရပြီ။ သူ့ရဲ့ အစေခံတွေနဲ့ ကိုယ်ရံတော်တွေကို အခန်းထဲက ထွက်သွားဖို့ အမိန့်ပေးလိုက်တယ်။ သည့်နောက်မှာတော့ ယောသပ်ဟာ ကျယ်သောအသံနဲ့ “ကျွန်ုပ်သည် အီဂျစ်ပြည်သို့ ရောင်းလိုက်သော သင်တို့ညီ ဖြစ်ပါ၏” ဟု ပြောပြီး ငိုကြွေးတော့တယ်။ ထို့နောက် သူ၏ ညီအစ်ကိုများအား မျက်ရည်လည်ရွဲ နမ်း၍ နှုတ်ဆက်လေရှာတယ်။

ယောသပ်ဟာ အစားအသောက်များ၊ လှည်းများကို ပေး၍ အစ်ကိုတို့အား အိမ်ပြန်စေတယ်။ သူတို့ကိုလည်း ဖခင် ယာကုပ်နှင့်တကွ တစ်မိသားစုလုံး အီဂျစ်ပြည်သို့ ပြန်ခေါ်လာမည်အကြောင်း မှာခဲ့တယ်။
ကမ္ဘာဦးကျမ်း ၄၁-၄၆

“ငါ့ပညတ်ဟူမူကား၊ ငါသည် သင်တို့ကို ချစ်သည့်နည်းတူ၊ သင်တို့သည် အချင်းချင်း ချစ်ကြလော့။” - ယော ၁၅း၁၂

Wednesday, March 20, 2013

သမ္မာကျမ်းစာမှ လက်ရွေးစင် ပုံဝတ္ထု (၁၂)



ဖာရောဘုရင်၏အိပ်မက်ကို အနက်ပြန်သူယောသပ်
(အကျဉ်းထောင်မှ ရွှေနန်းတော်သို့)

ရက်ပေါင်းများစွာ ကုန်လွန်ပြီးသည့်နောက် မှာတော့ ယောသပ်ဟာ အီဂျစ်ပြည်သို့ ရောက်ရှိလာခဲ့တယ်။ ကျယ်ပြော လှတဲ့ နိုင်းမြစ်ကြီးနှင့်တကွ လူသူ ထူထပ် များပြားလှသော မြို့ကြီးများက သူ့ကို မှင်သက် အံ့အားသင့်စေခဲ့တယ်။

ကုန်သည်တွေဟာ ယောသပ်ကို အီဂျစ်နိုင်ငံဘုရင်မင်းမြတ်ရဲ့ ကိုယ်ရံတော်တပ်မှူးပေါတိဖာထံမှာ ရောင်းစားပြန်တယ်။ ယောသပ် ဟာ ချောမောသောလုလင်ပျို တစ်ဦးဖြစ်သည့်အပြင် စိတ်သဘောထား ကောင်းမွန်ဖြောင့်မတ်၍ ယုံကြည်စိတ်ချရသူလည်း ဖြစ်တယ်။ မကြာမီမှာပဲ သူ့သခင်ပေါတိဖာဟာ ယောသပ်ကို အိမ်အုပ်အရာမှာ ခန့်ထားပြီး တစ်အိမ်လုံးကို စီမံခန့်ခွဲ အုပ်ချုပ်စေတယ်။

ပေါတိဖာရဲ့ ဇနီးဟာ အစပထမမှာတော့ ယောသပ်အပေါ်မှာ အလွတ်ပဲခင်မင်ခဲ့တယ်။ သို့သော် သူမ စိတ်ကျေနပ်စေမယ့် အရာတစ်ခုကို ပြုဖို့ ယောသပ် ငြင်းဆန်တဲ့အခါမှာတော့ သူမဟာ ယောသပ်ကို ရန်သူလို သဘောထားလာခဲ့တယ်။ သူမဟာ ယောသပ်ကို မဟုတ်မမှတ် စွပ်စွဲပြောဆိုခြင်းဖြင့် ဆိုးညစ်သောအမှုကို ပြုခဲ့တယ်။ ပေါတိဖာကလည်း သူ့ဇနီးရဲ့ စကားကို ယုံပြီး ယောသပ်ကို အလုံပိတ် ထောင်ထဲမှာ သံကြိုးနဲ့ ချည်နှောင်လိုက်တယ်။

ယောသပ်ဟာ ဘုရားသခင်ပေါ်မှာ သစ္စာရှိသူဖြစ်တယ်။ သူဟာ သူတပါးကို ကူညီအားပေးကြင်နာတတ်သူ ဖြစ်တယ်။ သူ့ရဲ့ သစ္စာရှိမှုနဲ့ ရိုးသားဖြောင့်မတ်မှုများကြောင့် မကြာခင်မှာပဲ ထောင်မှူးရဲ့ ယုံကြည်စိတ်ချမှုကို ခံရပြီး ထောင်သားများအားလုံးကို အုပ်ချုပ်ဖို့ တာဝန်လွှဲအပ်ခြင်း ခံရတယ်။

ယောသပ် အသက်သုံးဆ်ရောက်သောအချိန်မှာ ဖာရောဘုရင်ဟာ စိတ်နှလုံးပူပန်ဖွယ် အိပ်မက်တစ်ခုကို မြင်မက်ခဲ့တယ်။ သူ့ရဲ့ ကျွန်ရင်းတစ်ယောက်က ဖာရောဘုရင်ကို ယောသပ်ရဲ့အကြောင်း ပြောပြခဲ့တယ်။ ချက်ချင်းပင် ဖာရာဘုရင်ဟာ ယောသပ်ကို အခေါ်ရှိတော်မူပြီး “သင်သည် အိပ်မက်ကို နားလည်သော ဉာဏ်နှင့် အနက်ဖတ်နိုင်သည်ကို ငါကြားရပြီ” ဟု မိန့်တော်မူခဲ့တယ်။ ယောသပ်ကလည်း “ကျွန်တော်သည် အလိုအလျောက်မတတ်နိုင်ပါ။ ဘုရားသခင်သည် မင်္ဂလာအဖြေစကားကို ဖာရောဘုရင်အား ပေးတော်မူပါစေသော” ဟု လျှောက်ခဲ့တယ်။

ဖာရောဘုရင်ကလည်း “ငါသည် ဆူဖြိုးသော နွားခုနစ်ကောင် မြစ်ထဲမှ တက်သည်ကို မြင်ပြီး တစ်ဖန် ပိန်လှီသော နွားခုနစ်ကောင်တို့သည်လည်း မြစ်ထဲမှ တက်လာ၍ ဆူဖြိုးသော နွားခုနစ်ကောင်ကို မြိုလေသည်။ သို့သော် သူတို့သည် ပိန်လှီမြဲတိုင်း ပိန်၏။” ဟု မိန့်တော်မူတယ်။ ယောသပ်ကလည်း “အီဂျစ်ပြည် တစ်လျှောက်လုံးတွင် ဝပြောသောနှစ် ခုနစ်နှစ်ရှိလိမ့်မည်။ ထို့နောက်မှ အစာခေါင်းပါးသောနှစ် ခုနစ်နှစ် ပေါ်လာ၍၊ အီဂျစ်ပြည်၌ အလုံးစုံသော ဝပြောခြင်းသည် တိမ်မြုပ်လျက်၊ အစာခေါင်းပါးခြင်းအားဖြင့် တစ်ပြည်လုံး ပျက်ဆီးလိမ့်မည်။ သို့ဖြစ်၍ ဖာရောဘုရင်သည် ဉာဏ်ပညာနှင့် ပြည့်စုံသောသူကို ရွေးချယ်၍ အီဂျစ်ပြည်ကို အုပ်စိုးစေတော်မူပါ” ဟု လျှောက်တော်မူတယ်။

ထိုအခါ ဖာရောဘုရင်သည် ယောသပ်အား နိုင်ငံတော်တွင် ဒုတိယအမြတ်ဆုံးသော မင်း အရာ၌ ခန့်ထားတော်မူခဲ့တယ်။ ထာဝရအရှင်ဘုရားသခင်သည် သူ၏ မိတ်ဆွေ ယောသပ်အား မေ့လျော့ခြင်းမရှိပေ။
ကမ္ဘာဦးကျမ်း ၃၈-၄၁

“ထာဝရဘုရားကို ကြောက်ရွံ့၍ လမ်းခရီးတော်သို့ လိုက်သွားသမျှသောသူတို့သည် မင်္ဂလာရှိကြ၏။” - ဆာလံ ၁၂၈း၁

Tuesday, March 19, 2013

သမ္မာကျမ်းစာမှ လက်ရွေးစင် ပုံဝတ္ထု (၁၁)



ထူးဆန်းသောအိပ်မက်ရူပါရုံ
(ယောသပ်ရောင်းစားခံရခြင်း)

ခါနာန်ပြည်သို့ ယာကုပ်ပြန်ရောက်ပြီးနောက် အငယ်ဆုံးသားဗင်္ယာမိန်ကို မွေးခဲ့တယ်။ အခုတော့ ယာကုပ်ဟာ သား ဆယ့်နှစ်ယောက် ဖခင်ဖြစ်နေပါပြီ။ ယာကုပ်ရဲ့ သားသမီးတွေထဲမှာတော့ ယောသပ်ဟာ သူ့အသည်းပဲ ဖြစ်တယ်။ ယောသပ်ဟာ ရာခေလနဲ့ ရသောသားဖြစ်သည့်အပြင် အသက်ကြီးမှရသော သားဖြစ်သောကြောင့် တခြားသားသမီးများထက် ယောသပ်ကို ပိုချစ်တယ်။ ယောသပ်ကလည်း လိမ္မာရေးခြားရှိပြီး ဖြောင့်မတ်အေးဆေး တည်ငြိမ်သူလည်းဖြစ်လို့ ဖခင်ရဲ့ အထူးအရေးပေးခြင်းကို ခံရတဲ့သားအဖြစ် ယောသပ်ကို အရောင်အသွေးစုံ ဝတ်လုံတစ်ထည် ချုပ်ပေးခဲ့တယ်။ ဒါဟာ သူ့အစ်ကိုတွေကို အလွန်ပဲ မနာလို ဖြစ်စေခဲ့တယ်။

တစ်နေ့တော့ ယောသပ်က “ကျွန်ုပ်မြင်သောအိပ်မက်ကို နားထောင်ကြပါ။ ကျွန်ုပ်တို့သည် လယ်၌ ကောက်လှိုင်းကို စုစည်းနေကြစဉ် ကျွန်ုပ်ကောက်လှိုင်းသည် ထ၍ မတ်တပ်နေပြီး သင်တို့၏ ကောက်လှိုင်းတို့သည် ဝိုင်း၍ ကျွန်ုပ်ကောက်လှိုင်းကို ရှိခိုးကြသည်” ဟု ပြောခဲ့တယ်။ အစ်ကိုတို့ကလည်း “သင်သည် ငါတို့၌ မင်းပြုရလိမ့်မည်လော၊ ငါတို့ကို အစိုးရမည်လော” ဟု ယောသပ်ကို အထင်သေးစွာ ပြန်ပြောခဲ့တယ်။

နောက်ရက်အနည်းငယ်အကြာမှာလည်း “အခြားသော အိပ်မက်ကို မက်ပြန်ပါပြီ။ နေ၊ လနှင့် တကွ ကြယ်တစ်ဆယ့်တစ်လုံးတို့သည် ကျွန်ုပ်ကို ရှိခိုးကြ၏” ဟု ပြောကြားတဲ့အခါမှာတော့ ယောသပ်ရဲ့ အစ်ကိုများဟာ သူ့ကို အမှုန့်ကြိတ်ပစ်ချင်လောက်အောင် မုန်းတီးနေကြပြီ။ စကားကောင်းကောင်းတောင် မပြောချင်တော့တဲ့အထိ ဖြစ်ခဲ့တယ်။ ဒါပေမယ့် ဖခင်ကြီး ယာကုပ်ကတော့ ယောသပ်ပြောသောစကားများကို စိတ်ထဲမှာ တေးမှတ်ထားလိုက်တယ်။

တစ်နေ့ ယောသပ်ရဲ့ အစ်ကိုတွေဟာ သူတို့ရဲ့ သိုးဆိတ်တွေကို အိမ်နဲ့ဝေးရာမှာ ထိန်းကျောင်းနေကြစဉ် ဖခင်ကြီးဟာ ယောသပ်ကို ခေါ်ပြီး အစ်ကိုများနေထိုင်ကောင်းမကောင်း၊ အဆင်ပြေမပြေကို သွားရောက် ကြည့်ရှုဖို့ စေလွှတ်လိုက်တယ်။ ယောသပ်ရဲ့ အစ်ကိုတွေဟာ သူလာတာလည်း မြင်ရော “ဟော ဟိုမှာ လာနေတာ အိပ်မက်ဆရာကြီးမဟုတ်လား၊ သူ့ကို ဝိုင်းသတ်ကြစို့” ဟု အချင်းချင်း တိုင်ပင်ကြတယ်။ အစ်ကိုကြီး ရုဗင်သည် ယောသပ်အား သနား၍ အနီးရှိ တွင်းတစ်ခုခုထဲ၌သာ ပစ်ချထားဖို့ တခြားညီအစ်ကိုတွေကို သွေးဆောင်လိုက်တယ်။ သူ့ရဲ့ အကြံက နောက်မှ ယောသပ်ကို တွင်းထဲက ပြန်ဆယ်ပြီး ဖခင်ကြီးဆီကိ ပြန်ပို့ပေးရန်ဖြစ်တယ်။

ဒီလိုနဲ့ ညနေစောင်း ညစာစားနေစဉ်မှာ မိဒျန်အမျိုးသား ကုန်သည်တစ်စု လမ်းမကြီးအတိုင်း လာတာကို မြင်တာနဲ့ သူတို့အချင်းချင်း တိုင်ပင်ကြပြီး၊ ယောသပ်ကို ငွေ အကျပ် နှစ်ဆယ်နဲ့ ရောင်းစားပစ်လိုက်ကြတယ်။ ကုန်သည်တွေက ယောသပ်ကို အီဂျစ်ပြည်သို့ ခေါ်ဆောင်သွားတယ်။ ယောသပ်လေးဟာ အလွန်ပဲ ဝမ်းနည်းကြေကွဲခဲ့ရတယ်။

ယောသပ်ရဲ့ အစ်ကိုတွေက ဆိတ်တစ်ကောင်ကို သတ်ပြီး ဆိတ်သွေးထဲမှာ ယောသပ်ရဲ့ ဝတ်လုံကို နှစ်လိုက်တယ်။ သွေးအလိမ်းလိမ်းပေကျံနေတဲ့ ဝတ်လုံကို ယာကုပ်မြင်တဲ့အခါ သားရဲတစ်ကောင် ယောသပ်ကို ကိုက်သတ်သွားပြီလို့ ထင်ရှာတယ်။ ဖခင်ယာကုပ်ဟာ သားယောသပ်အတွက် များစွာ ပူဆွေးသောက ရောက်ခဲ့ရတယ်။
ကမ္ဘာဦးကျမ်း ၃၇

“အကြောင်းမူကား၊ ဂုဏ်ပြိုင်ခြင်း၊ ရန်တွေ့ခြင်းရှိလျှင်၊ မငြိမ်မဝပ်၊ ရုန်းရင်းခတ်ခြင်း ဆိုးညစ်စွာပြုမူခြင်း အမျိုးမျိုး ရှိတတ်၏။” - ယာ ၃း၁၆

Monday, March 18, 2013

သမ္မာကျမ်းစာမှ လက်ရွေးစင် ပုံဝတ္ထု (၁၀)



ကောင်းကင်တမန်နှင့်နပန်းလုံးခဲ့သူယာကုပ်
(အချိန်ကြာမြင့်စွာအဖိုးအခပေး၍ ရခဲ့သောသင်ခန်းစာ)

ယာကုပ်ဟာ ခါရန်မြို့မှာနေထိုင်စဉ် လာဗန်ရဲ့ သမီးရာခေလကို သူရဲ့ဇနီးဖြစ်စေလိုသောဆန္ဒ ကြီးမားလာခဲ့တယ်။ ဒါနဲ့သူက လာဗန်ကို “ရာခေလနှင့် ပေးစားမည်ဆိုပါက ခုနစ်နှစ် အစေခံပါမည်” ဟုဆိုတယ်။ လာဗန်ကလည်း သဘောတူလိုက်တယ်။

ဒီလိုနဲ့ မင်္ဂလာဆောင်မည့်နေ့သို့ ရောက်လာသောအခါ သတို့သမီးကို ယာကုပ်ရှိရာသို့ ဆောင်ယူလာခဲ့တယ်။ အဲဒီဒေသရဲ့ ထုံးစံရှိတဲ့အတိုင်း သတို့သမီးရဲ့ မျက်နှာကို မပေါ်လွင်အောင် ပဝါအထူကြီး အုပ်ထားရလေ့ရှိတယ်။ လက်ထပ်ပြီးလို့ ပဝါကို ဖွင့်ကြည့်တဲ့အခါမှာ သတို့သမီးဟာ သူချစ်တဲ့ ရာခေလမဟုတ်ဘဲ သူလုံးဝ မနှစ်သက်တဲ့ ရာခေလရဲ့ အစ်မဖြစ်သူ လေအာ ဖြစ်နေတာ တွေ့ရတယ်။

လှည့်စားခံလိုက်ရတဲ့အတွက် ယာကုပ်ဟာ အလွန်ပဲ စိတ်ပျက်ဝမ်းနည်းသွားခဲ့တယ်။ သူ ကိုယ်တိုင်လည်း ဖခင်ကြီးဖြစ်သူ ဣဇက်ကို သည်လိုပုံစံမျိုးနဲ့ လှည့်စားလိမ်ညာခဲ့ဖူးတယ်။ လာဗန်က “ငါတို့ ပြည်၌ သမီးအကြီးကို မပေးစားမီ၊ အငယ်ကို မပေးစားရ၊ နောက်တဖန် ခုနစ်နှစ် အစေခံသည့်အတွက် ရာခေလကိုလည်း သင့်အတွက် ပေးစားဦးမည်” ဟု ဆိုတယ်။ ယာကုပ်က သဘောတူလိုက်ပြီး ထပ်မံ၍ အစေခံရာ နှစ်စေ့သောအခါ၌ ရာခေလအား ဇနီးမယားအဖြစ် ရရှိလေတယ်။

ယာကုပ်ဟာ သူ့ရဲ့ ဦးလေးဖြစ်သူ လာဗန်ထံမှာ အနှစ်နှစ်ဆယ် အစေခံပြီးတဲ့အခါမှာတော့ သူ့ရဲ့ ပစ္စည်းဥစ္စာနှင့် တကွ မိသားစုများကို စုစည်းပြီး ခါရန်မြို့ကနေ ပြန်လည် ထွက်ခွာဖို့ ပြင်ဆင်တော့တယ်။ သူ့ရဲ့ မူရင်း နေရပ်ဖြစ်တဲ့ ခါနန်ပြည်ကို ပြန်လာရာလမ်းမှာ သူ့အတွက် အလွန်ထိတ်လန့်တုန်လှုပ်စရာသတင်းကို ကြားနေရတယ်။ ဘာလဲဆိုတော့ သူ့အစ်ကို ဧသောဟာ လူလေးရာကို ဦးဆောင်ပြီး သူ့ဆီကို လာနေတယ်ဆိုတဲ့ သတင်းပဲဖြစ်တယ်။ ဧသောဟာ သူ့ကို သတ်ပစ်မယ်ဟု ကြိမ်းဝါးခဲ့ဖူးကြောင်း ယာကုပ် မှတ်မိနေတယ်။

အဲဒီညမှာပဲ ယာကုပ်ဟာ သူ့ရဲ့မိသားစုကို ချောင်းတစ်ဖက်ကို ကူးစေပြီး၊ သူကတော့ ဆုတောင်းဖို့အတွက် နေရစ်ခဲ့တယ်။ သူတစ်ယောက်တည်း ရှိနေစဉ်မှာ လူတစ်ယောက်က သူ့ကို ချည်နှောင်ထားတယ်လို့ ခံစားရတယ်။ ဒါနဲ့ ယာကုပ်ဟာ အဲဒီလူစိမ်းကို မနက်ရောက်သည်အထိ ပြန်လှန် နပန်းလုံးခဲ့တယ်။ ထိုသူစိမ်းဟာ ဘုရားသခင်ရဲ့ ကောင်းကင်တမန်တော်ဖြစ်နေတယ်။ ထိုသူဟာ ယာကုပ်ကို ကောင်းချီးပေးပြီး၊ သူ့ရဲ့ နာမည်ကိုလည်း ဣသရေလဟု ပြောင်းလဲပေးလိုက်တယ်။

ဣသရေလနဲ့ ဧသော ဆုံတွေ့တဲ့အခါမှာတော့ နှစ်ယောက်လုံးဟာ စိတ်ဝမ်းမကွဲဘဲ ပြန်လည် သင့်မြတ်ခဲ့ကြတယ်။
ကမ္ဘာဦးကျမ်း ၂၉း၁၅-၃၅၊ ၃၀၊ ၃၁၊ ၃၂၊ ၃၃း၁-၁၆

“ထာဝရဘုရားသည် ဖြောင့်မတ်သောသူတို့ကို ကြည့်ရှုတော်မူ၏။ သူတို့ အော်ဟစ်သံကိုလည်း နားထောင်တော်မူ၏။” - ဆာလံ ၃၄း၁၅

Sunday, March 17, 2013

သမ္မာကျမ်းစာမှ လက်ရွေးစင် ပုံဝတ္ထု (၉)



ယာကုပ်အိမ်မှထွက်ပြေးရပြီ
(ဘုရားသခင်သည် အိပ်မက်အားဖြင့် ယာကုပ်ကိုသက်သာစေသည်။)

သူ၏ ကောင်းချီးမင်္ဂလာများ ဆုံးရှုံးသွားကြောင်းသိသွားသော ဧသောဟာ အလွန်ပဲ ဒေါသ ထွက်ခဲ့တယ်။ “ငါ့အဘကြောင့် ညည်းတွားရသော နေ့ရက်ကာလအချိန်နီးပြီ။ ထိုအခါ ငါ့ညီယာကုပ်ကို ငါသတ်မည်။” ဟု အကြံနှင့် ပြောခဲ့တယ်။

ထိုအကြောင်းကို ရေဗက္ကကြားသောအခါ သားငယ် ယာကုပ်ကို ခေါ်၍ သင်၏ အစ်ကို ဧသောသည် သင့်ကို သတ်သဖြင့် သင့်အမှု၌ စိတ်ကို ပြေလိမ့်မည်။ သင်၏ အစ်ကို စိတ်ပြေသည်တိုင်အောင် သူ့ထံမှ ခဏရှောင်၍ နေပါလော့” ဟု သတိပေးခဲ့တယ်။

ဒါနဲ့ ယာကုပ်ဟာ အိမ်မှထွက်ခွာ၍ ခါရန်ပြည်ကို တစ်ယောက်တည်း ခရီးထွက်ခဲ့တယ်။ ဒီလိုနဲ့ တစ်ညနေ နေဝင်ချိန်မှာ ညအိပ်ရပ်နားဖို့အတွက် ပြင်ဆင်ပြီး ကျောက်တုံးများကိုယူကာ ခေါင်းအုံးပြီး အိပ်စက်အနားယူလိုက်တယ်။ အဲ့ဒီညမှာ ထူးဆန်းတဲ့ အိပ်မက်တစ်ခုကို မက်မြင်ခဲ့တယ်။ ကောင်းကင်ကနေ လှေကားကြီး တစ်ခု ကျလာတာ မြင်ရတယ်။ ကောင်းကင်တမန်များကလည်း လှေကားတစ်လျှောက်မှာ တက်လိုက်ဆင်းလိုက် လုပ်နေကြတယ်။ လှေကားရဲ့ ထိပ်ဆုံးမှာတော့ ထာဝရအရှင်ဘုရားသခင် မားမားကြီး ရပ်နေတာ မြင်တွေ့ရတယ်။ ဘုရားသခင်က ယာကုပ်အား “သင်အိပ်သောမြေကို သင်နှင့် သင်၏အမျိုးအနွယ်အား ငါပေးမည်။ သင်သွားလေရာရာ၌ ငါစောင့်မမည်။ ဤပြည်သို့ တဖန်ဆောင်ခဲ့ဦးမည်” ဟု ကတိထားတော်မူခဲ့တယ်။

မနက်လင်းတဲ့အခါမှာတော့ ယာကုပ်လည်း အိပ်ရာက နိုးလာပြီး” အကယ်စင်စစ် ထာဝရဘုရားသည် ဤအရပ်၌ ရှိတော်မူ၏။ ရှိတော်မူကြောင်းကို ငါမသိ။ ဤအရပ်ကား တခြားမဟုတ်။ ဘုရားသခင်၏ ဘုံဗိမာန်၊ ကောင်းကင်တံခါးဝ ဖြစ်သည်တကား။” ဟု ကြောက်ရွံ့ခြင်းသို့ ရောက်၍ ဆိုခဲ့တယ်။ ထို့နောက် ခေါင်းအုံးအဖစ် အသုံးပြုခဲ့သော ကျောက်တုံးကို စိုက်ထူကာ ဆီလောင်းပြီး ဘုရားသခင်အား ကျေးဇူးတော် ချီးမွမ်းခြင်း ပြုခဲ့တယ်။

ဆက်လက်၍ ခရီးထွက်ခွာခဲ့ရာ ခါရန်မြို့အနီးရှိ ရေတွင်းတစ်ခုအနားသို့ ရောက်လာခဲ့တယ်။ ရေတွင်းနားမှာ နားနေစဉ်မှာပဲ သူ့ရဲ့ ဝမ်းကွဲနှမတော်သူ ရာခေလနှင့် ပြန်လည် တွေ့ဆုံခဲ့ရတယ်။

ယာကုပ်ဟာ ရာခေလကို တွေ့တွေ့ချင်း တခဏတည်းမှာပဲ သူမကို ချစ်ခင် စွဲလန်းသွားခဲ့တယ်။ သူမကို ဇနီးမယားအဖြစ် ပိုင်ဆိုင်လိုသောစိတ်သည်လည်း အလွန်ပင် ပြင်းပြလာခဲ့တယ်။
ကမ္ဘာဦးကျမ်း၊ ၂၇း၃၀-၄၆၊ ၂၈၊ ၂၉း၁-၁၄

“ထာဝရဘုရားကို ကြောက်ရွံ့တတ်သောသူတို့ ပတ်လည်၌ ကောင်းကင်တမန်တော်တို့သည် တပ်ချ၍ ကယ်လွှတ်တတ်ကြ၏။” - ဆာလံကျမ်း ၃၄း၇

Saturday, March 16, 2013

သမ္မာကျမ်းစာမှ လက်ရွေးစင် ပုံဝတ္ထု (၈)



ကောင်းချီးမင်္ဂလာများ တပွေ့တပိုက်ရယူသွားသူယာကုပ်
(မွေးရာပါအခွင့်ထူးကိုရောင်းစားခဲ့သူ ဧသော)

အာဗြဟံ သေသောနောက် ဘုရားသခင်သည် ဣဇက်အား ကောင်းချီးမင်္ဂလများစွာ ချပေး သနားတော်မူတယ်။ ဣဇက်မယားရေဗက္ကာသည် တစ်ဆယ့်ကိုးနှစ် အတွင်း သားဖွားနိုင်ခြင်းမရှိပေ။ ထိုအခါဣဇက်သည် ထာဝရ ဘုရားသခင်အား ဆုတောင်းသောအခါ ဘုရားသခင်သည် နားညောင်းတော်မူခဲ့တယ်။

ဣဇက်နှင့် ရေဗက္ကတို့မှာ ဧသောနဲ့ ယာကုပ်ဟူသော အမွှာ သားယောက်ျားလေး နှစ်ယောက် ထွန်းကားခဲ့တယ်။ အစ်ကိုကြီးဖြစ်သူဧသောဟာ မုဆိုး တစ်ဦးဖြစ်လာပြီး၊ တောင့်တင်းသန်မာကာ အမွှေးအမျှင်ထူသောသူ ဖြစ်သည်။ ညီဖြစ်သူယာကုပ်ကတော့ အေးအေးလူလူနေလေ့ရှိပြီး စိတ်သဘောထားကောင်းမွန်သူဖြစ်တယ်။ ဣဇက်သည် သားနှစ်ယောက်တွင် ယာကုပ်ထက် ဧသောကို ပိုချစ်ခဲ့တယ်။ အကြောင်းမှာ ဧသော ပေးတဲ့ အမဲသားကို အမြဲစားရတဲ့အတွက်ကြောင့် ဖြစ်တယ်။ မိခင်ဖြစ်သူ ရေဗက္က ကမူ ယာကုပ်ကို ပိုချစ်သူဖြစ်တယ်။

အဲဒီအချိန်ကာလတုန်းက မိသားစုတိုင်းမှာ အသက်အကြီးဆုံးသားတွေကို သားဦးဟူ၍ ခေါ်လေ့ရှိတယ်။ သားသမီးများထဲမှာ သူက ခေါင်းဆောင်ဖြစ်ပြီး ထူးခြားသော ကောင်းချီးမင်္ဂလာများကို ခံစားရသူ ဖြစ်တယ်။ ဧသောဟာ ယာကုပ်ထက် အသက်ကြီးပြီး သားဦးလည်း ဖြစ်တာကြောင့် ယာကုပ်ရရှိမယ့် ကောင်းချီးမင်္ဂလာများထက် အဆပေါင်းများစွာ ပိုပြီးရရှိမည့်သူ ဖြစ်တယ်။

တစ်နေ့မှာတော့ ဧသောဟာ အမဲလိုက်ရာကနေ ပြန်ရောက်လာတယ်။ အဲဒီအချိန်မှာ သူဟာ အလွန်ပဲဆာလောင်မောပန်းနေတယ်။ ဒါနဲ့ ယာကုပ်ထံကနေ စွပ်ပြုတ်တစ်ခွက် တောင်းသောက်တယ်။ ထိုအခါ ယာကုပ်က “ယနေ့ပင် သင်၏သားဦးအရာကို ငါ့အားရောင်းပါ” ဟုဆိုလျှင် ဧသော က “ငါသေလုပြီ။ သားဦးအရာအားဖြင့် အဘယ်အကျိုးရှိပါလိမ့်မည်နည်း။” ဟုဆိုလေ၏။ ဒီလိုနဲ့ ဧသောဟာ သားဦးအရာကို စွပ်ပြုတ်တစ်ခွက်နဲ့ လဲပစ်လိုက်တယ်။

ဣဇက်ဟာ တဖြည်းဖြည်းအသက်အရွယ် အိုမင်းလာပြီး မျက်လုံးတွေကလည်း အလွန်ပဲ ဝေဝါးလာပါတယ်။ တစ်နေ့မှာတော့ ဧသောကိုခေါ်ပြီး “မသေမီ ငါ့ဝိညာဉ်သည် သင့်ကို ကောင်းချီးပေးမည့်အကြောင်း၊ သင်၏ လက်နက်တည်းဟူသော လေးနှင့် မြှားတောင့်ကို ဆောင်ယူလျက် တောသို့သွား၍၊ ငါစားစရာဘို့ အမဲကောင်ကို ရအောင် ရှာပြီးလျှင်၊ ငါမြိန်ရှက်တတ်သော အမဲဟင်းလျာကို ငါ့ထံသို့ ယူခဲ့ပါလော့” ဟု ပြောဆိုခဲ့တယ်။

ရေဗက္ကသည် ထိုစကားကိုကြားလျှင် ကောင်းချီးမင်္ဂလာများအား ယာကုပ်တစ်ယောက်တည်းကိုသာ ရစေချင်သော စိတ်ဆန္ဒဖြစ်ပေါ်လာတယ်။ ဒါကြောင့် ယာကုပ်ကို ဧသောရဲ့ အဝတ်အစားများကို ဝတ်ဆင်စေပြီး ယာကုပ်ရဲ့ လက်မောင်းနဲ့ လည်ပင်းမှာလည်း ဆိတ်မွှေးတွေ ဆင်ယင်ပေးလိုက်တယ်။ ပြီးတော့ သူချက်ပြုတ်ထားတဲ့ အမဲဟင်းလျာနဲ့တကွ ယာကုပ်ကို ဣဇက်ထံဝင်စေတယ်။ ဣဇက်ကလည်း ဟင်းလျာကို စားပြီးသောအခါ ယာကုပ်ကို ဧသောလို့အထင်ရှိပြီး ကောင်းချီးပေးခဲ့တယ်။

ရေဗက္က ရဲ့ အကြံအစည် အောင်မြင်သွားခဲ့တယ်။
ကမ္ဘာဦးကျမ်း၊ ၂၅း၁၀-၃၄၊ ၂၆၊ ၂၇း၁-၂၉

“ဣဇက်သည်လည်း ယုံကြည်ခြင်းအားဖြင့် အနာဂတ်အရာတို့ကို အမှတ်ပြု၍ ယာကုပ်နှင့် ဧသောကို ကောင်းချီးပေး၏။” - ဟေဗြဲ ၁၁း၂၀

Friday, March 15, 2013

သမ္မာကျမ်းစာမှ လက်ရွေးစင် ပုံဝတ္ထု (၇)


သားဣဇေက်ကို ပူဇော်ဝံ့သောဖခင် အာဗြံဟံ
(ချစ်ခြင်းမေတ္တာကို မှတ်ကျောက်တင်မည့် စစ်တမ်းတစ်ခု)

ထာဝရအရှင်ဘုရားသခင်က အာဗြံအား “သင်မြင်သော မြေတစ်ပြင်လုံးကို သင်နှင့် သင်၏ အမျိုးအနွယ်အား ငါသည် ကာလ အစဉ်အမြဲပေးမည်” ဟု မိန့်တော်မူတယ်။ အာဗြံသည်လည်း ယဇ်ပလ္လင်ကိုတည်၍ ဘုရားသခင်အား ချီးမွမ်းကိုးကွယ်ခဲ့တယ်။

တဖန် ဘုရားသခင်သည် “ကြယ်များကို ရေတွက်နိုင် လျှင် ရေတွက်လော့။ သင်၏အမျိုးအနွယ်တို့သည် ထိုသို့ ဖြစ်လိမ့်မည်” ဟု အာဗြံအား မိန့်တော်မူခဲ့တယ်။ အာဗြံသည် သူ၏ သားသမီးမရှိသော်လည်း သူ၏ အမျိုးအနွယ်ကို ဘုရားသခင် ပွားများစေတော်မူမယ်ဆိုတာ ယုံကြည်စိတ်ချလျက်ရှိတယ်။

ဘုရားသခင်သည် အာဗြံအား အာဗြဟံဟူသော အမည်နာမသစ်ကို ပေးတော်မူတယ်။ နာမည်ရဲ့ အဓိပ္ပါယ်ကတော့ လူမျိုးအပေါင်းတို့၏ အဘပင်ဖြစ်တယ်။ ဘုရားသခင်သည် အာဗြဟံနှင့် ဇနီးစာရာတို့၌ သားယောက်ျားနှင့်တကွ ပိုင်ထိုက်သောပြည်ကို ပေးမည့်အကြောင်း ကတိပေးထားတော်မူတယ်။ အာဗြဟံသည်လည်း ဘုရားသခင်ကို သစ္စာရှိစွာ ဆက်လက်ဝတ်ပြုကိုးကွယ်ခဲ့လေတယ်။

တစ်နေ့သောအခါ လူစိမ်းသုံးယောက်တို့သည် အာဗြဟံရှိရာသို့ ရောက်လာခဲ့ကြတယ်။ ထိုအချိန်မှာ အာဗြဟံက အသက်တစ်ရာရှိပြီး ဇနီးသည်စာရာမှာလည်း အသက် ကိုးဆယ်ရှိပြီဖြစ်တယ်။ အဲဒီလူစိမ်းများက အာဗြဟံအား သူ၏ ဇနိး စာရာသည် သားယောက်ျားကို ရလိမ့်မယ်ဆိုတဲ့ သတင်းကို ပြောကြားခဲ့ကြတယ်။ အဲဒီအကြောင်းကို စာရာကြားတဲ့အခါ “ငါသည် အသက်အရွယ် ကြီးရင့်လှပြီ၊ အဘယ်သို့ ကလေးရနိုင်မည်နည်း” ဟု ကြိတ်၍ ပြုံးမိခဲ့တယ်။

သို့သော် ထာဝရဘုရားစေလွှတ်သော လူအသွင်ပြောင်းကောင်းကင်တမန်များက “ထာဝရဘုရား မတတ်နိုင်သောအမှု တစ်စုံတစ်ခုရှိသလော” ဟု ပြန်၍ မိန့်တော်မူခဲ့တယ်။ နောက်ဆုံးမှာ ကတိထားတော်မူသော သူငယ်သည် အာဗြဟံနှင့် စာရာတို့ မိသားစုမှာ မွေးဖွားလာခဲ့တယ်။ ဘုရားသခင် မိန့်တော်မူတဲ့အတိုင်း ကလေးအား ဣဇက်ဟု အမည်ပေးကြတယ်။ သူတို့ ဇနီးမောင်နှံဟာ ဒီကလေးအတွက် အလွန်ဝမ်းမြောက်ကြတယ်။

တစ်နေ့မှာ ဘုရားသခင်က အာဗြဟံအား “သင်သည် အလွန်ချစ်သော တစ်ယောက်တည်းသော သားဣဇက် ကို ယူ၍ မောရိပြည်သို့သွားလော့။ ငါ ပြလတ္တံ့သောတောင်ပေါ်မှာ သူကို မီးရှို့ရာယဇ်ပြု၍ ပူဇော်လော့။” ဟု မိန့်တော်မူခဲ့တယ်။ အဲဒီ မိန့်တော်မူချက်ဟာ အာဗြဟံရဲ့ ရင်ကို ပြင်းထန်စွာ နာကျင်စေခဲ့ပေမယ့်လည်း ချက်ချင်းပင် နာခံခဲ့တယ်။ ထို့နောက် သားဣဇက်ကို ခေါ်ကာ မြည်းတစ်ကောင်၊ ကျွန်နှစ်ယောက်တို့နှင့်အတူ မြောက်ဘက်စူးစူးကို စတင် ခရီးထွက်ခဲ့ကြတယ်။

သုံးရက်မြောက်သောနေ့မှာတော့ အာဗြဟံနှင့် ဣဇက်တို့နှစ်ယောက်တည်း တောင်ပေါ်ကို တက်သွားကြတယ်။ ထို့နောက် အာဗြဟံက ယဇ်ပလ္လင်ကို တည်တယ်။ ပြီးလျှင် ထင်းကိုခင်း၍ အပေါ်၌ သားဣဇက်ကို ချည်နှောင်ကာ သားအား ယဇ်ကောင်အဖြစ် ပူဇော်ရန် အဆင်သင့်ဖြစ်ခဲ့တယ်။

အဲဒီအချိန်မှာပဲ ထာဝရဘုရားရှင် ရဲ့ ကောင်းကင်တမန်က အာဗြဟံအား “ထိုလုလင်ကို မထိခိုက်နှင့်။ အလျှင်းမပြုနှင့်။ သင်သည် ဘုရားသခင်ကို ကြောက်ရွံ့သည်ဟု ယခုငါသိ၏။ အကြောင်းမူကား သင်၏သား၊ သင်၌ တစ်ယောက်တည်းသောသားကို ငါတောင်း၍ သင်သည် ငါ့ကို မငြင်း” ဟု မိန့်တော်မူခဲ့တယ်။

ထိုအခါ အာဗြဟံသည် သူ၏ နောက်နားရှိ ချုံပုတ်ထဲမှာ ချိုငြိလျက်ရှိနေတဲ့ သိုးကို မြင်ခဲ့တယ်။ မိမိသားကို သတ်၍ ယဇ်ပူဇော်မည့်အစား သိုးသူငယ်ကို ပြင်ဆင်ပေးသော ဘုရားသခင်ကို အာဗြဟံသည် အလွန်ကျေးဇူးတင်မိတော့လေသတည်း။
ကမ္ဘာဦးကျမ်း ၁၅း၁-၆၊ ၂၁း၂၂

“အကြင်သူသည် ငါ့ကို ချစ်သည်ထက် မိဘကို သာ၍ ချစ်၏။ ထိုသူသည် ငါနှင့်မထိုက်တန်။ အကြင်သူသည် ငါ့ကို ချစ်သည်ထက် သားသမီးကို သာ၍ ချစ်၏။ ထိုသူသည် ငါနှင့် မထိုက်တန်။” - မဿဲ ၁၀း၃၇