Monday, December 3, 2012

သင့်ဆုတောင်းသံ နားထောင်ပြင်ဆင်သော ဘုရားရှင် (၁)

ကြီးမြတ်လှသော အဖဘုရားရှင်ရဲ့ နာမတော်ကို အထူးပဲ ချီးမွမ်းပါတယ်။ ကျွန်မကတော့ မူလတန်းပြ ဆရာမတစ်ဦးပါ။ ဝန်ထမ်းလုပ်ရင်း အဝေးသင်ဖြေပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် နိုဝင်ဘာလမှာ နောက်ဆုံးနှစ် ဖြေခဲ့ပါတယ်။ အောင်စာရင်းထွက်တော့ ကျွန်မ စားမေးပွဲ အောင်ပါတယ်။ ပထမနှစ်ကစပြီး၊ ဒုတိယနှစ်၊ နောက်ဆုံးနှစ်အထိ ကျူရှင် တစ်နှစ်မှ မယူခဲ့ပါဘူး။ ဘုရားသခင်ကိုသာ အားကိုးရင်းနှင့် စာမေးပွဲ ဖြေခဲ့တာ နှစ်စဉ် အောင်မြင်ခြင်းအခွင့်ကို ပေးခဲ့ပါတယ်

နောက်တစ်ခုကတော့ နွေရာသီအားလပ်ရက်မှာ ကွန်ပျူတာသင်တန်းတက်နိုင်ဖို့ အမြဲဆုတောင်းခဲ့ပါတယ်။ အသင်းတော်မှာလည်း ဆုတောင်းချက် တင်ခဲ့တယ်။ မတ်လမှာ ကျွန်မ တက်ချင်ခဲ့တဲ့ ကွန်ပျူတာသင်တန်းကို တက်ခွင့်ရခဲ့ပါတယ်။ ကျွန်မရဲ့ ဆန္ဒနှစ်ခုဟာ ဘုရားရှင်ရဲ့ ကျေးဇူးတော်ကြောင့် ပြည့်ခဲ့လို့ အရမ်းဝမ်းသာ ပါတယ်။

အသင်းတော်ကို ဆုတောင်းချက် တင်ခဲ့တာရော၊ ကျွန်မကိုယ်တိုင်ရော အမြဲဆုတောင်းခဲ့တဲ့ ကျွန်မရဲ့ အကြီးမားဆုံး ဆန္ဒကတော့ ပြောင်းရွှေ့ခွင့် ရဖို့ပါပဲ။ ကျွန်မတာဝန်ကျတဲ့နေရာက အိမ်နဲ့ မြို့နဲ့ အတော်လေးဝေးပြီး အရမ်းခေါင်တဲ့ တောင်ပေါ်ရွာလေး တစ်ရွာမှာပါ။ ကားတလှည့်စီး၊ ခြေလျင်တစ်ခါလျှောက်နဲ့ ပင်ပန်းစွာ အခက်အခဲများ ကြုံတွေ့ခဲ့ရပါတယ်။ ဘုရားသခင် ပေးတဲ့ ခွန်အားနဲ့သာ ကျွန်မ သုံးနှစ်တိတိ အဲဒီရွာမှာ တာဝန်ထမ်းဆောင်ခဲ့တယ်။ မိသားစုနှင့် ဝေးတဲ့နေရာ ကျွန်မ မသွားချင်တော့တာကြောင့် ၂၀၁၁ ခုနှစ် ကုန်ခါနီး လောက်မှာ အပြောင်းအရွှေ့ စပြီးတင်ကတည်းက ဘုရားသခင်ဆီမှာပဲ ဆုတောင်းအားကိုးခဲ့တယ်။ ဒီလိုနဲ့ ၂၀၁၂ မေလထဲမှာ အော်ဒါထွက်တော့ ကျွန်မနာမည်ပါလာပါတယ်။ ကျွန်မ အရမ်းဝမ်းသာခဲ့တယ်။ အပြောင်းအရွှေ့ရတာဟာ ဆုတောင်းခြင်းသက်သက်ကြောင့်ပဲ ဖြစ်ပါတယ်။ ကျွန်မထက် လုပ်သက်များတဲ့သူအချို့တောင် မပြောင်းရသေးပါဘူး။ ဘုရားသခင် ပြင်ဆင်ပေးတဲ့ နေရာသစ်မှာ အခုကျွန်မတာဝန်ထမ်းဆောင်နေပါတယ်။ အိမ်နဲ့ မနီးသေးပေမယ့် တစ်ပတ်တစ်ခါ ပြန်လို့ရပါတယ်။ နေထိုင်ရတာလည်း အဆင်ပြေပါတယ်။ ကျွန်မအတွက် အမြဲ ဆုတောင်းပေးခဲ့တဲ့ အသင်းတော်နှင့် မိသားစုတွေကိုလည်း ကျေးဇူးအထူးတင်ပါတယ်။

"ငါ့ကိုခေါ်လော့။ ငါထူးမည်။" (ယေ ၃၃း၃) ဆိုတဲ့ ဘုရားသခင်ပေးတဲ့ အခွင့်အရေးလေးကို စွဲကိုင်ပြီး ယုံကြည်စွာ တောင်းလျှောက်ပါက မိတ်ဆွေများကို ဘုရားသခင်က အဖြေပေးမယ်ဆိုတာ ခွန်အားပေးရင်း သက်သေခံချင်ပါတယ်။ ယုံကြည်သူအယောက်စီတိုင်းအပေါ်မှာ ဘုရားသခင် ကောင်းကြီးပေးပါစေ။ ဘုရားသခင်၏ နာမတော်သည် သာ၍ ဘုန်းကြီးပါစေသော်။

ဆိဆီ (ဒီးမော့ဆို)

0 comments:

Post a Comment