Monday, December 17, 2012

ခရစ်စမတ် ဆိုသည်မှာ...


ခရစ်ယာန်တို့၏ နှစ်စဉ်ကျင်းပသည့် ပွဲတော်တစ်ရပ်ဖြစ်သည်။ မိမိတို့ကို အပြစ်မှ ရွေးနှုတ်တော်မူသော ကယ်တင်ပိုင်ရှင် ခရစ်တော်ယေရှု၏ ဖွားမြင်ခြင်းကို အောက်မေ့သတိရလျက် ကျင်းပခြင်း ဖြစ်ပါသည်။ ကျင်းပရာတွင် မွေးနေ့တော်နှင့်ဆိုင်သော ဓမ္မတေးသီချင်းများ သီဆိုခြင်း၊ ဝတ်ပြုကိုးကွယ်ခြင်း၊ နိပတ်တော် ပြသခြင်း၊ ကျွေးမွေးဧည့်ခံဝတ်ပြုခြင်း၊ မေတ္တာနှင့် လက်ဆောင်ပေးခြင်းများ ပြုကြသည်။ ရပ်နီး ရပ်ဝေး မိတ်တွေသင်္ဂဟတို့ထံ ခရစ်စမတ်ကဒ်များ ပို့လျက် ဆုမွန်ကောင်းတောင်းကာ သတိရနှုတ်ဆက်ကြသည်။ မိမိတို့ အိမ်များတွင်လည်း အလှတန်ဆာများဆင်လျက် မီးများထွန်းညှိကာ ပျော်ရွှင်ဖွယ်ရာ ဖြစ်အောင် ပြင်ဆင်ကြသည်။

ခရစ်စမတ်အခါသမယသည် ခရစ်ယာန်တို့၏ မေတ္တာပြသည့် ထူးမြတ်သော အခါသမယဖြစ်သည်။ မိမိတို့ ကိုးကွယ်ယုံကြည်သော ထာဝရဘုရားသခင်၏ ကြီးမားသောမေတ္တာတော်အတွက် ကျေးဇူးတင်လျက်၊ အချင်းချင်း တစ်ယောက်ကို တစ်ယောက် မေတ္တာပြသော အချိန်အခါဖြစ်ပါသည်။

ဘုရာရှင်၏ ကြီးမားသော မေတ္တာဟူသည်မှာ - ဘုရားရှင်သည် မိမိဖန်ဆင်းသော လူသားများတို့ နေ့စဉ်နှင့်အမျှ အပြစ်များပြုနေသည့်အတွက် အပြစ်စီရင်ခြင်း ခံရမည်ကို သိမြင်တော်မူသည်။ မိမိဖန်ဆင်းသောလူသားများ အပြစ်ငရဲသို့ ကျ၍ ပျက်စီးသွားမည်ကို မေတ္တာတော်ရှင် ဘုရားသခင် မလိုလားပေ။ ထို့ကြောင့် မိမိ၏ တစ်ပါးတည်းသော သားတော်ကို လူ့ဇာတိခံယူရန်စေလွှတ်ပြီး လူတို့အား အပြစ်မှ ကယ်နှုတ်ခဲ့သည်။ သားတော်သည် လူ့ဇာတိကို ခံယူလျက် လောကအပြစ်သားအားလုံးကို ကိုယ်စားအသွေးတော် သွန်း အသက်စွန့်ခြင်းဖြင့် အပြစ်ငရဲမှ လွတ်မြောက်စေတော်မူသည်။

သခင်ယေရှုခရစ်သည် မိမိကို အပြစ်မှ ကယ်တင်သော အရှင်ဖြစ်သည်ဟု ယုံကြည်လက်ခံသူတိုင်း အပြစ် ငရဲ ကျ၍ ပျက်စီးခြင်းသို့ မရောက်ဘဲ ထာဝရအသက်ကို ရမည့်အကြောင်း ထူးမြတ်သည့် ကယ်တင်ခြင်းကျေးဇူးတော်ကို ပေးခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ခရစ်တော်ယေရှုသည် လူ့ဇာတိအဖြစ်ခံယူခြင်း၊ လူသားအဖြစ် မွေးဖွားခြင်းကို ခံယူတော်မူခဲ့ခြင်းနှင့် လောကသို့ ကြွလာသော သခင်ယေရှု၏ ဖွားမြင်ခြင်းကို အောက်မေ့သတိရလျက် ကျင်းပသည့် ပွဲတော်သည် ခရစ်စမတ် ပွဲတော်ပင် ဖြစ်သည်။

Credit: Word of Hope ခရစ်စမတ်နှုတ်ခွန်းဆက်လွှာမှ ကူးယူဖော်ပြပါသည်။

0 comments:

Post a Comment