Friday, March 8, 2013

သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝသောအသက်တာ


သိုးသူငယ်ကဲ့သို့ ကျိုးပဲ့ကြေမွနှိမ့်ချသောစိတ်၊ သူတပါးအတွက် အစေခံလိုသော ဆုံးဖြတ်ချက်ရှိသော တပည့်တော် အသက်တာကို ခံယူသောသူတို့အထဲ၌၊ သန့်ရှင်းသော ဝိညာဉ်တော်သည် ကျိန်းဝပ်တော်မူသည်သာမက မိမိ ပုဂ္ဂိုလ်တော်မြတ်အားဖြင့်လည်း ပြည့်ဝလာစေတတ်ပါသည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် သမ္မာတရားနှင့်ဆိုင်သော ဝိညာဉ်တော်လည်း ဖြစ်သောကြောင့်၊ နှုတ်ကပတ်တော်ကို အမြဲဖတ်ရှု၊ လေ့လာ၊ ဆင်ခြင် လိုက်လျှောက်သောသူသည်၊ ဝိညာဉ်တော်၏ အုပ်ထိန်းမှုအောက်၌ ရှိသောသူ ဖြစ်၍ ဝိညာဉ်တော်ဆုကျေးဇူးများ၊ အသီးများလည်း ပေါ်ထွက်လာစေမည်။

• ဝိညာဉ်တော်အုပ်ထိန်းမှုကို ခံယူသူသည် ယစ်မူးသောအရာ၊ ဒုစရိုက်အမူအကျင့်များကို ရှောင်ပြီး၊ ဝိညာဉ်တော်၏ ဆုံးမ သွေးဆောင်မှုကိုသာ ခံယူသည်။ (ဧဖက်၊ ၅း၃၊ ၄၊ ၁၈)။
• ဆာလံဓမ္မသီချင်းအမျိုးမျိုးကို နူးညွတ်သောစိတ်နှင့် ဘုရားသခင်ရှေ့တော်၌ ရွတ်ဖတ်သီဆိုသော အလေ့အထ ရှိပါသည်။ (ဧဖက်၊ ၅း၁၉-၂၀)။
• အကောင်းအဆိုး မခွဲခြားဘဲ အခြေအနေအမျိုးမျိုး၌၊ အရာရာအတွက်၊ သခင်ယေရှုနာမ၌ ကျေးဇူးတော်ကို ချီးမွမ်းပြီး ခမည်းတော်၏ အလိုတော်ကို ဝန်ခံ၍ ဂုဏ်တော်ကို ချီးမွမ်းနေတတ်ပါသည်။
• ဝိညာဉ်တော်အုပ်ထိန်းခွင့်ပေးသောသူသည် အပြစ်ကို ရွံ့မုန်းလာပြီး၊ သန့်ရှင်းဖြောင့်မတ်စွာ အသက်ရှင်လိုသည်။ ရှင်လာနိုင်သည်။ ဝိညာဉ်တော်အုပ်စိုးခွင့်ရလာသည်နှင့်အမျှ၊ ထိုသူသည် သဘောထားပျော့ပြောင်းလာသည်။ ခက်ထန်မှု၊ ရန်လိုမှု လျော့နည်းလာသည်။
• ကျေးဇူးတရားကို သိရှိ ခံစားလာရသည်နှင့်အမျှ၊ သူတပါးအပေါ် ခွင့်လွှတ်သည်းခံနိုင်စွမ်း တိုးမြှင့်လာတတ်ပါသည်။ (ဧဖက်၊ ၄း၃၂)။
• ညည်းငြူမြည်တမ်းခြင်းအစား၊ အလိုတော်ကို ဝန်ခံလျက်၊ ကျေးဇူးတော် ချီးမွမ်းလာတတ်ပါသည်။
• ဝိညာဉ်တော်အုပ်ထိန်းသူသည် နှုတ်လျှာကို ထိန်းတတ်လာပါသည်။ (ဧဖက်၊ ၄း၂၉-၃၁)။
• အခြားအရာများ၊ လူပုဂ္ဂိုလ်များထက် သခင်ယေရှု၏ နှုတ်တော်ထွက်စကားကို အလေးထား၊ အကြွင်းမဲ့ ခံယူလာပြီး ပုဂ္ဂိုလ်တော်မြတ်နှင့် မိဿဟယဖွဲ့လျက် ချီးမွမ်းကိုးကွယ်နေရခြင်း၌ ကျေနပ်အားရနှစ်သက်နေတတ်ပါသည်။ (ယော၊ ၁၆း၁၃-၁၄။ ဖိလိပ္ပိ၊ ၄း၎-၉)။

သင့်အားဖြင့် ထာဝရဘုရားသခင် ဘုန်းတော်ထင်ရှားပါစေသောဝ်။ အာမင်။


(ဆရာတော် ဦးယောသပ် ၏ ဒေသနာမှ ကောက်နုတ်ချက်)

0 comments:

Post a Comment